နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗုံးပေါက်ကွဲသည်ဟု လုပ်ကြံ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်လျက်ရှိ



RB News
10.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြို့နယ် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက် များက အောက်တိုဘာလ (၃၁) ရက်နေ့ ညပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ လွှင့်ထုတ်ပြီး နောက်ပိုင်းတွင် ဘူးသီးတောင်မြို့ရှိ ပညာတတ် ရိုဟင်ဂျာများ၊ စီးပွားရေး တောင့်တင်းသည့် ရိုဟင်ဂျာများကို ပစ်မှတ်ထား၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ည ၉း၃၀ နာရီတွင် ဘူးသီးတောင်မြို့နယ် ကုန်သွယ် လယ်ယာရုံးတွင် ဒေသခံ ရိုဟင်ဂျာများက ဗုံးဖောက်ခွဲသည်ဟု မြို့နယ် ရဲတပ်ဖွဲ့က ပြည်တွင်း ပြည်ပ မီဒီယာများကို လိမ်ညာ ပြောဆိုခဲ့သော်လည်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ လွှင့်ထုတ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်း၊ ရခိုင် အစွန်းရောက်များ ဖြစ်သည့် ဦးမောင်မောင်၊ ဦးခင်အောင်ရွှေ၊ ဦးခင်မောင်ရွှေ၊ ဦးမောင်လှိုင်စိုး၊ ဦးထွန်းအောင်သိန်း၊ ဦးမောင်ကာလူ၊ ဦးအောင်ရွှေသန်းတို့က ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ၏ သတင်း ဓါတ်ပုံများ ဖြန့်လျက် ရှိသော်လည်း အဆိုပါ ဓါတ်ပုံများမှာ လုပ်ကြံ၍ ရိုက်ကူး ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယခုအခါ အဆိုပါ လုပ်ကြံ သတင်းကို အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာ ပညာတတ်များ၊ စီးပွားရေး သမားများကို အဓိက ပစ်မှတ်ထား၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ ငွေမပေးနိုင်သူ များကို လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ လွှင့်ထုတ်၍ ဒေသခံ ရိုဟင်ဂျာ ပြည်သူများ၏ အကြမ်းဖက်ရန်၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်နိုင်ရန် အတွက် အကြောင်းပြချက် တစ်ခု ဖန်တီးခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ပြောဆိုနေသော်လည်း ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်စခန်းများမှ မသိရှိသောကြောင့်၊ ယခုအခါ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စ.ရ.ဖ) တပ်များ စေလွှတ်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသော်လည်း၊ မြို့နယ် အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးရန် ရောက်ရှိလျက် ရှိသော စ.ရ.ဖ များမသိအောင် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လျှို့ဝှက်စွာ ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ငွေမပေးနိုင်သူ များကို ဗုံးဖောက်ခွဲသူများ စာရင်းတွင် ထည့်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသည့် အချိန်မှ စ၍ ငွေညှစ်၍ မရမချင်း လူမဆန်စွာ ရိုက်နှက်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus