နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP ၏ လူဦးရေ စာရင်းတွင် ပါဝင်ရန် ငြင်းသူ ၈ ဦးကို ထောင် နှစ်နှစ်ချ



Rohingya Eye
RB News
3.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၈) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လူဦးရေ စာရင်း ကောက်ခံရာတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ သဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ် လိုက်ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ၀င်ရောက်၍ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ခေါင်းစဉ်ဖြင့် လူဦးရေ စာရင်း ကောက်ခံခဲ့ရာ၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများက ပါဝင် စစ်ဆေးခံရန် ငြင်းဆိုခဲ့သည်။ ရွာသားများ အားလုံး ငြင်းဆန် ခဲ့သော်လည်း၊ ဒေသခံ ရိုဟင်ဂျာ (၉) ဦးကို ပစ်မှတ် ထား၍ ဖမ်းဆီးခဲ့ပြီး၊ ယင်းနေ့တွင် တစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန်သည့် (၈) ဦးကို ဒီဇင်ဘာလ (၂) ရက်နေ့က မောင်တော မြို့နယ် တရားရုံးမှ ပုဒ်မ ၃၅၃ ၀တ္တရား နှောက်ယှက်မှုဖြင့် တရားစွဲဆို၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်စီ မတရားသဖြင့် ချမှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရပြီး၊ ထောင်ဒဏ် ချမှတ်ခံရသူ များမှာ အခြားသော ဒေသခံ ရွာသားများကို မပါဝင်ရန် စည်းရုံး ဟောပြောခြင်း မရှိဘဲ မိမိတို့၏ ဆန္ဒဖြင့် နေအိမ်များတွင် နေ၍ ပါဝင် စစ်ဆေးခံရန် ငြင်းဆို ခဲ့သူများ ဖြစ်သည်။ လာရောက်၍ စစ်ဆေးသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို နှောက်ယှက်ခြင်း တစ်စုံတစ်ရာ မရှိသော်လည်း၊ ရိုဟင်ဂျာ အမည်ဖြင့် စာရင်း မရေးသွင်း ပါက မပါဝင်နိုင်ကြောင်း ပြောဆိုခြင်းကို ပစ်မှတ် ထား၍ ဖမ်းဆီးပြီး မတရား သဖြင့် ထောင်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

တရားရုံးတွင် တရားစီရင်ရာ၌ မိသားစုများကို နားထောင်ခွင့် မပြုသည့် အပြင် ရှေ့နေ ငှားရမ်းခွင့်လည်း မပေးဘဲ၊ အာဏာပိုင်များ၏ အလိုကျ တရားသူကြီးက ထောင်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မတရားသဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရသူ များမှာ --

(၁) ဦးဇော်ဟိရ်အာမတ် (ဘ) ဦးအဒူဆူဗာန် (အသက် ၅၀ နှစ်)
(၂) ဦးနူရ်အာလမ် (ဘ) ဦးဆွေယာဒူရော်န် (အသက် ၄၂ နှစ်)
(၃) ဦးမာမတ်နူရ် (ဘ) ဦးနူရ်အာလမ် (အသက် ၂၅ နှစ်)
(၄) အိဒိရီစ် (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၁၈ နှစ်)
(၅) မော်ဇီးဒ် (ဘ) ဦးမာမတ်အာလမ် (အသက် ၁၇ နှစ်)
(၆) ဦးဇာဖော်ရ် (ဘ) ဦးနူရ်အာလမ် (အသက် ၂၅ နှစ်)
(၇) ဟာဖီးဇ်ရှော်ဘူအာလမ် (ဘ) ဦးမိုဟာမတ်အေခ်ဘာလ် (အသက် ၂၈ နှစ်)
(၈) အာမီးန် (ဘ) ဦးအာမတ်ကော်ဘိရ် (အသက် ၁၈ နှစ်) -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus