နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်း စ.ရ.ဖ မှ ဒေသခံ တစ်ဦးထံမှ ၆ သိန်းခွဲ တန်ဖိုးရှိ ကြက်ဥများ မတရား သိမ်းယူ



MYARF
RB News
25.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တပ်စွယ်မှူးနှင့် စစ်သား နှစ်ဦးက ဒေသခံ တစ်ဦးထံမှ ငွေကျပ် ၆ သိန်းခွဲ တန်ဖိုးရှိ ကြက်ဥများကို မတရား သိမ်းယူသည့် အပြင် အခြားသော ဒေသခံ များထံမှလည်း ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့က မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တပ်စွယ်မှူးနှင့် စ.ရ.ဖ ရုံးသို့ အသစ် ပြောင်းရွှေ့ လာသော စစ်သား နှစ်ဦး တို့သည် ရေတွင်းပြင် ကျေးရွာမှ ကြိမ်ချောင်း ဈေးသို့ ကြက်ဥ ရောင်းရန် သယ်ယူလာသည့် ဦးမာမတ်အာလမ် (ဘ) ဦးရှော်ရီဟူစိန်း ထံမှ ငွေကျပ် ၆၅၀၀၀၀/- တန်ဖိုးရှိ ကြက်ဥများကို အကြောင်းမဲ့ မတရားသဖြင့် သိမ်းယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးမာမတ်အာလမ်သည် အလွန်ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး၊ ကြက်ဥရောင်းသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းပြု၍ မိသားစုကို ရှာဖွေ ကျွေးမွေး နေသူ တစ်ဦး ဖြစ်သည်။

စ.ရ.ဖ တပ်စွယ်မှူးသည် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဦးမာမတ်အာလမ် ထံမှ မတရားသဖြင့် သိမ်းယူလိုက်သည့် ကြက်ဥများကို ကြိမ်ချောင်းဈေးသို့ သယ်ယူသွားပြီး စားကုန်ဆိုင် ရောင်းသူ ဦးနာဆဲရ် (ဘ) ဦးအဒူလ်ဟိုရ် အားရောင်းချရန် ကြိုးစားရာ၊ ဦးနာဆဲရ်က ကြက်ဥများကို စ.ရ.ဖ မှ ဓါးပြတိုက် သကဲ့သို့ သိမ်းယူ ထားသည်ကို သတင်း ရထား၍ သူတစ်ပါး၏ မျက်ရည်စာကို မ၀ယ်ချင်သဖြင့် စ.ရ.ဖ တပ်စွယ်မှူးကို မ၀ယ်နိုင်ဟု ငြင်းဆို လိုက်ကြောင်း သိရှိရသည်။ သို့သော်လည်း စ.ရ.ဖ တပ်စွယ်မှူးက ကြက်ဥ မ၀ယ်သည့် အတွက်ဟု ဆိုကာ ဦးနာဆဲရ်ကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အဆိုပါ စ.ရ.ဖ တပ်စွယ်မှူးသည် ၂၀၁၃ ခုနှစ်က မီးလောင်ခဲ့သည့် ကြိမ်ချောင်း ဈေးကို ပြန်လည် ဆောက်လုပ်လျက် ရှိရာ ညစောင့် လုပ်နေသည့် ဦးဆီရာဇ် (ခ) နားပေါင်း (ဘ) ဦးနူရုလ်အာမီးန်သည် ဆိုင်အပြင်တွင် အိပ်ပျော်သွားသည့် အချိန်တွင် ၎င်း၏ ခေါင်းအုံး အနားရှိ မြန်မာ ဆင်းမ်ကဒ်နှင့် ဟာဝေး ဟန်းဆက်ကို ကောက်ယူ သွားခဲ့သည်။ ဦးဆီရာဇ်၏ ဟာဝေး ဟန်းဆက်ကို စ.ရ.ဖ တပ်စွယ်မှူးက ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ညှစ်ယူ၍ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုနည်းတူစွာ ဦးရော်ဖိတ်ပိုင်သည့် ဘတ်စ်ကား ပေါ်တွင် ကား၏ ယာဉ်မောင်း ဖြစ်သူ ဦးခိုင်ဆဲရ်သည် ညအချိန်တွင် ကားထဲတွင် အိပ်ပျော် နေစဉ် စ.ရ.ဖ တပ်စွယ်မှူးက ကားတံခါးကို ခြေဖြင့် ကန်၍ ဖွင့်ဝင်ခဲ့ပြီး စစ်ဆေးရမည်ဟု ဆိုကာ GSM ဆင်းမ်ကဒ်ပါ ဟန်းဆက် တစ်လုံးကို သိမ်းယူ သွားခဲ့သည်။ အဆိုပါ ဟန်းဆက်ကိုလည်း ငွေကျပ် ၃ သိန်း ညှစ်ယူပြီးမှ ပြန်လည် ပေးအပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် အောင်စစ်ပြင် ကျေးရွာ အုပ်စု ရိဒါးရွာမှ မော်လ၀ီ လာလူး (ဘ) ဦးဆုလ်တာန် (အသက် ၆၅ နှစ်) သည် ကြိမ်ချောင်း ဈေးတွင် ဈေးဝယ်ရန် ဈေးအတွင်း ပတ်နေစဉ် စ.ရ.ဖ ရုံးမှ တပ်သား တစ်ဦးက အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ စ.ရ.ဖ ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် မော်လ၀ီ လာလူးကို စ.ရ.ဖ ရုံးတွင် ချုပ်နှောင် ထားပြီး မလေးရှား နိုင်ငံသို့ လူကုန်ကူး နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် သိန်း ၂၀ ညှစ်ရာ၊ မော်လ၀ီ လာလူးက မပေးနိုင်သဖြင့် လူမဆန်စွာ ရိုက်နှက် ပြီးနောက် ည ၆ နာရီ အချိန်တွင် ငွေကျပ် ၈ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။


Comment ရေးရန်

Rohingya Exodus