နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာရေး ပညာရှင် တစ်ဦး ဖြစ်သူ ဓမ္မသတ်မှူးဟောင်း မုဖ်သီ မော်လာနာ နူရ်အာလမ် ကွယ်လွန်

RB News
15.12.2014

ရန်ကုန် ။ ။ ရန်ကုန်တိုင်း ဒေသကြီး၊ ဒေါပုံမြို့နယ်တွင် နေထိုင်လျက် ရှိသော မြန်မာ မွတ်စလင် အဖွဲ့ချုပ်မှ ဓမ္မသတ်မှူးဟောင်း မုဖ်သီ မော်လာနာ နူရ်အာလမ်သည် ယနေ့ ညပိုင်းတွင် ဒေါပုံမြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန် သွားကြောင်း သတင်း ရရှိပါသည်။

မုဖ်သီ မော်လာနာ နူရ်အာလမ်သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၀ရကျွန်း ဒိုးတန်း ကျေးရွာ ဇာတိ ဖြစ်ပြီး၊ ၁၉၆၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဒါရုလ် အူလာမ်မှ မော်လ၀ီဘွဲ့ ရရှိခဲ့သည်။ ထို့အပြင် ၁၉၇၂ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ ကရာချီမြို့ရှိ ဒယာဘန် အစ္စလာမစ် တက္ကသိုလ်မှ မုဖ်သီဘွဲ့ ရရှိခဲ့ကြောင်း သိရှိရပါသည်။

၎င်းသည် ရန်ကုန်မြို့ရှိ ဒါရုလ် အူလာမ်၊ ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ်ရှိ အစ္စလာမ် ဘာသာရေးကျောင်း တို့တွင် ဆည်းပူးခဲ့သည့် ပညာများကို မျှဝေခဲ့ပြီး၊ ဒေါပုံမြို့နယ်ရှိ ဗလီတွင် ရှေ့ဆောင်ဆရာ အဖြစ် လည်းကောင်း၊ ဒေါပုံမြို့နယ်ရှိ အစ္စလာမ် ဘာသာရေး ကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင် ခဲ့သည့် အပြင်၊ မြန်မာ မွတ်စလင် အဖွဲ့ချုပ်တွင် ဓမ္မသတ်မှူး အဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မုဖ်သီ မော်လာနာ နူရ်အာလာမ်သည် ယနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ကွယ်လွန် သွားခဲ့ပြီး၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ညနေ အစွာရ် ၀တ်ပြုချိန် အပြီးတွင် ရန်ကုန်မြို့ ရေဝေး ကဘရ်စတန်တွင် မြေမြှပ် ဒါဖနာ ပြုလုပ်မည် ဖြစ်သည်။

မုဖ်သီ မော်လာနာ နူရ်အာလာမ်သည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် အရွယ် ရှိပြီး၊ ဦးနှောက် သွေးကြောနဲ့ သက်ဆိုင်သည့် ဝေဒနာကို ရက်အနည်းငယ် ခံစားခဲ့ရကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus