နောက်ဆုံးသတင်း/ဆောင်းပါးများ

ငတ်မွတ်ဘေး ပြေးသူများကို မြို့နယ် ဖြတ်ကျော်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်



RB News
1.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အငတ်ဘေးဖြင့် ကြုံတွေ့ နေရသည့် ဒေသခံ ရိုဟင်ဂျာ ၁၁ ဦးသည် လုပ်ကိုင် စားသောက်နိုင်ရန် အခွင့်လမ်း ရရှိရေး အတွက် ဘူးသီးတောင် မြို့သို့ လာစဉ် ဖမ်းဆီးခံရပြီး၊ ၎င်းတို့ကို ဘူးသီးတောင် မြို့နယ် တရားရုံးမှ နှစ်ရှည် ထောင်ဒဏ် ချမှတ် လိုက်ကြောင်း သတင်း ရရှိပါသည်။

ကျောက်တော်မြို့နယ်တွင် လုပ်ကိုင် စားသောက်ခွင့် မရ၊ သွားလာခွင့် မရ၊ ဆေးကုသခွင့် မရဘဲ အမိုးပွင့် အကျဉ်းထောင် ထဲမှ အကျဉ်းသား ဘ၀ ဖြစ်နေ၍ အလုပ်အကိုင် အခွင့်လမ်း ရမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ကျောက်တော်မှ ဒေသခံ ရိုဟင်ဂျာ ၁၁ ဦးသည် တောတောင် များကို လေးရက်ကြာမျှ ဖြတ်၍ ဘူးသီးတောင် မြို့နယ် ကင်းတောင် ကျေးရွာသို့ ရောက်ရှိစဉ် ၂၀၁၄ နိုဝင်ဘာလ ၂၅ ရက်နေ့က အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။

ဘူးသီးတောင် မြို့နယ်ရှိ တရားရုံးက ယနေ့ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးခံရသူ ၁၁ ဦးအနက် ၉ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီနှင့် ကျန်နှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရသူ များထဲတွင် အသက် (၈၀) နှစ် အရွယ် မော်လ၀ီ နူရ်ဘော်ရှော်ရ်နှင့် အသက် (၇၈) နှစ် အရွယ် ဦးနူရ်မာမတ် တို့လည်း ပါဝင်ကြောင်း သိရှိရပါသည်။ ၎င်းတို့ကို မြို့နယ် ဖြတ်ကျော်မှုဖြင့် တရားစွဲဆို၍ ထောင်ချ လိုက်ခြင်း ဖြစ်ပြီး၊ ရှေ့နေ ငှားရမ်းခွင့် မရခဲ့ဟု ဆိုသည်။

ဘူးသီးတောင် မြို့နယ် တရားရုံးမှ တရားသူကြီးသည် လူမျိုး ဘာသာ ခွဲခြား၍ အစ္စလာမ် ဘာသာဝင် များကို ပြစ်ဒဏ် ချမှတ်ရာတွင် ဥပဒေထက် မိမိ၏ အမုန်းတရားကို ဦးစားပေးပြီး စီရင်ချက်များ များစွာ ချမှတ်ခဲ့ခြင်း ရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းမှာ မတရားသဖြင့် ချမှတ်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ ပြည်ထောင်စု အစိုးရမှ ဘူးသီးတောင် မြို့နယ်၏ တရားစီရင်မှုကို သေချာ စီစစ်ရန် လိုအပ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus