နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျွန်တော်တို့ ငယ်ငယ်က အာဇာနည်နေ့



Robert Elhose
19.7.2013

 ဝေါ် .. ဝေါ် .. ဝေါ် .. ဝေါ် ... ဝေါ် .. ဝေါ် .. ဝေါ် ….......................................................

နံနက် ၁၀ နာရီ ၃၇ မိနစ် တိတိ။ စူးစူးရှရှ ဥသြသံများ ဟိုမှသည်မှ၊ နေရာ အနှံ့မှာ ၊ ရေဒီယို ထဲမှ၊ မီးသတ် ဌာနထဲ ထိုးထားသည့် မီးသတ်ကား တွေထံမှ၊ အနီး အနားရှိ စက်ရုံ အလုပ်ရုံ များမှ၊ လမ်းပေါ် သွားလာ နေကြသည့် မော်တော်ကား များမှ၊ ကျွန်တော် တို့ထဲ မှ ကလေး တစ်ချို့ ဆိုလျှင်လည်း မိမိတို့ ကစား စရာ ခရာများ အား မှုတ်လျက် တစ်ဖုံ၊ တစ်ဝေါဝေါ ဥသြ အော်မည် သံများ ဟိုမှ သည်မှ၊ နေရာ အနှံ့မှ၊ အရပ် ရှစ်မျက်နှာမှ ထွက်ပေါ် လာနေ ပါသည်။ 

လမ်းပေါ် သွားလာ နေသည့် မော်တော် ကားများ၊ အနှေး ယာဉ်များ၊ ဆိုက်ကား ပါမကျန် နီးရာ လမ်းဘေး ထိုးရပ်လျက်၊ လူများ ကလည်း နီးစပ်ရာ လမ်းဘေး ကပ်ရပ် လိုက်ကြကာ လက်သီး ဆုပ်လျက် လက်နှစ် ဖက်ကို ဘေးဖက် တွဲရ ရွဲချ၊ ခေါင်းကလေး များအား မဆို စလောက် ရို့လျက် ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံး သွားရှာ လေပြီ ဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီး များ အား ရိုသေ ကျိုးနွံစွာ ဂါရ၀ပြု အရို အသေပေး ကြခြင်း ဖြစ်သည်။ 

ထိုမြင်ကွင်း များကား ကျွန်တော်တို့ ငယ်စဉ် လူမှန်း သိတတ်စ အရွယ်မှ စပြီး အသိဥာဏ် တွင်း ထင် ဟပ် စွဲမြဲနေ ခဲ့သည့် အာဇာနည်နေ့ ဆိုသည်၏ ထုံးတမ်း စဉ်လာ ဓမ္မတာ များဖြစ်သည်။ 

ကျွန်တော် တို့သည် အာဏာ ရှင်ဟောင်း ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ် တွင် မွေး ဖွား လူလား မြောက်လာ ရသည့် မျိုးဆက် များသာ ဖြစ်သဖြင့် ၎င်း၏ ဟိုဖက် ခေတ်ကို မသိမီလိုက်ပါ။ သို့ပါ သောကြောင့် ဟိုဖက် ခေတ်က အာဇာနည်နေ့ အခမ်း အနားများ မည်သို့ ကျင်းပ ခဲ့ကြသည် ကို မသိမီ လိုက် ငြား သော်လည်း အာဇာနည်များ ကျဆုံးသည့် အချိန်တွင် ထိုသို့ပင် ဥသြဆွဲ ဂုဏ်ပြု ခဲ့ကြ သည် ဟု အမေတို့ အဖေတို့ ပြော၍ မှတ်သား ခဲ့ဘူးသည်။

အာဇာနည်နေ့ နှင့်မီဒီယာများ

ကျွန်တော်တို့ ငယ်ငယ်က အာဇာနည်နေ့ မရောက်ခင် နှစ်ပတ် သုံးပတ် အလို ခန့်မှ စပြီး ကျောင်းများတွင် စာစီစာကုံး ပြိုင်ပွဲများ ကျင်းပခြင်း၊ နံရံကပ် စာစောင်များ၊ ပြိုင်ပွဲများ ပြုလုပ် ကြသည်ချည်း ဖြစ်ရာ အခြေခံ ပညာ ကျောင်းသားများ ဖြစ်သော ကျွန်တော် တို့မှာ စာစီစာကုံး ၊ ကဗျာ စသည့် ပြိုင်ပွဲများဝင် နိုင်ရန် အတွက် စာအုပ်များ ကြိုတင် ရှာဖွေ စုဆောင်း ရခြင်း ၊ ဖတ်ရှု မှတ်သား ရခြင်း များဖြင့် အလုပ်ရှုပ် ရပါ သည်။

မြန်မာ့ အလင်း၊ ဗိုလ်တထောင်၊ ကြေးမုံ စသည့် အစိုးရ သတင်းစာ များတွင်လည်း အာဇာနည်နေ့ မတိုင်မီ တစ်ပတ်၊ ဆယ်ရက်ခန့် အလိုကတည်းက အလယ် စာမျက်နှာများတွင် အာဇာနည်နေ့ အကြောင်း ဆောင်း ပါး များ ၊ ကဗျာ များ၊ အာဇာနည် ခေါင်းဆောင် ကြီးများ ဖြစ်ကြသည့် ဗိုလ်ချူပ် အောင် ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ ဒီးဒုတ် ဦးဘချို၊ ဆရာကြီး ဦးရာဇတ် စသည့် ပုဂ္ဂိုလ်ကြီး များ၏ အတ္ထုပ္ပတ္တိ များကို တစ်နေ့ တစ် မျိုး မရိုးရအောင် ဝေေ၀ ဆာဆာ ရေးသား လေ့ရှိသည်။ စာအုပ် စာတမ်းများ ရှာဖွေ စုဆောင်းရ မည်ကို ပျင်းသော ကျောင်းသားများ အတွက်မူ ထိုသတင်းစာ ဆောင်းပါး၊ ကဗျာ များအား ကိုးကားလိုက် ရုံသာ။

အာဇာနည်နေ့ နီးပြီဟေ့ ဆိုလျှင် ကျောင်းများ ရှေ့တွင် တာလ ပတ်စ များခင်းပြီး စာအုပ် နီလေးများ ကိုပုံပြီး လာလာ ရောင်းတတ်သော စာအုပ်သည် များကိုလည်း ပြန်သတိရ မိပါသည်။ စာအုပ် နီလေးများ ဆိုသည်မှာ လက်တစ်ဝါး သာသာခန့် အလျား အနံ ၄ လက်မ နှင့် ၃ လက်မ ခန့်ရှိသော စာအုပ်လေး များဖြစ်သည်။ အထဲတွင် အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးစီ ၏ အတ္ထုပ္ပတ္ထိ များရေးထားသည်။ တစ်အုပ် ကိုမှ ငါးမူး။

မူလတန်းမှ စပြီး အလယ်တန်း မကျန်၊ အထက်တန်း အဆုံး ကျောင်းများတွင် အာဇာနည်နေ့ ဟောပြော ပွဲများ လုပ်ကြသည်။ တချို့တတ်နိုင်သောကျောင်းများတွင် ဆိုလျှင် ဆရာ အောင်သင်း၊ ဆ ရာ မောင်သော် က၊ ဆရာ ချစ်ဦးညို ၊ ရုပ်ရှင် မင်းသား ဗိုလ်ဗကို စသည့် အပြော အဟော ကောင်း စာရေး ဆရာကြီး များ ကို ပင့်ဖိတ်ပြီး ဟောပြော စေသည်။ 

ဟောပြော ပွဲများ မစခင် ကာယဗလ ဦးကျော်ရင် ဖျော်ဖြေရေး ပြပွဲ များ သိုင်းပြိုင် ပွဲများ ဖြင့် ဦးစွာ ပြ သပြီး မှ နောက် ပိုင်းတွင် အာဇာနည်နေ့ အထိမ်း အမှတ် အဖြစ် ကျဆုံးလေ ပြီးသော ခေါင်းဆောင် ကြီး များ၏ ဂုဏ်ကျေးဇူး များကို ဟောပြောသည်။ ကျောင်းသား ကလေး လူငယ် များ၏ စိတ်သဏ္ဍာန်တွင် အာဇာနည် ကြီးများ၏ အနစ်နာခံ ကိုယ်ကျိုး စွန့်ခဲ့သည့် အကြောင်း များမှာ သံမှိုစွဲ သည့်နှယ် စွဲထင် ကိန်းအောင်း သွားစေ ခဲ့သည်။

ထိုစဉ်က မြန်မာပြည်တွင် တီဗီ ရုပ်မြင် သံကြားများ မပေါ်သေး။ တစ်တိုင်း တစ်ပြည်လုံး အတွက် လူထု အားလုံး ဆီသို့ ရောက်သော အင်အား ကောင်းသည့် တစ်ခုတည်းသော မီဒီယာမှာ မြန်မာ့ အသံ ရေဒီယို အစီအစဉ် များသာ ဖြစ်သည်။

ရေဒီယို များတွင် ဗုဒ္ဓဟူးနေ့ နှင့် စနေ လို ညများ ဆိုလျှင် အာဇာနည် နေ့နှင့် စပ်လျဉ်းသည့် ဇာတ်လမ်း ပမာများ၊ အသံလွှင့် ဇာတ်များကို တစ်ပတ်၊ နှစ်ပတ် ကြိုတင်ကာ လွှင့်လေ့ ရှိရာ ည ၇ နာရီ ၁၅ နှင့် ၈ နာရီကြား၊ ည ၈ နာရီ ၁၅ နှင့် ၉ နာရီ ကြား အချိန်များတွင် ရေဒီယိုများ ဘေး နားဆင် အချိန်ကုန် ခဲ့ရသည့် ကာလများကို သတိရနေ မိသေးသည်။ 

အထင်ရှား ဆုံးမှာကား အဆိုတော်ကြီး မေလှမြိုင် သီဆို ထားသည့် "အာဇာနည် နေ့ကိုလေ .. ရှေးရှုကာပဲ အလေးပြု ပါတယ်လေ ..." ဖြင့် အဆုံးသတ် သည့် အာဇာနည်နေ့ သီချင်း ဖြစ်သည်။ ရပ်ကွက် အ တွင်း လော်စပီကာ ကြီးများဖြင့် တစ်ဖုံ၊ ရေဒီယိုမှ တစ်မျိုး၊ ယုတ်စွအဆုံး ရုပ်ရှင်ရုံ များတွင်ပင် ရုပ်ရှင် မပြမီ စောင့်စား aနစဉ် အချိန် ကလေး အတွင်း ထိုသီချင်း ကို ဖွင့်ပြီး ကျဆုံးလေ ပြီးသော ခေါင်းဆောင် ကြီး များကို ဂုဏ်ပြု ကြပါသော ကြောင့် ကျွန်တော့်မှာ ယနေ့ထိ ထိုသီချင်းကို နားထဲစွဲ နေသေးသည်။

ပြတ်သား စူးရှသော အသံ၊ တိုတုတ်သော ၀ါကျများဖြင့် ဖွဲ့စည်း ထားသော၊ ဘယ်တော့ပြန် နားထောင် ထောင် ပြန် နားထောင်ရင် ရိုးမသွားသော ဗိုလ်ချူပ် အောင်ဆန်း၏ မိန့်ခွန်း များကိုမူ ဇူလိုင်လ ၁၆၊ ၁၇ ၊ ၁၈ စသည့် အာဇာနည်နေ့ အကြို ကာလများ ကတည်းက ည ၈ နာရီ သတင်း အပြီးမှ စပြီး ည ၉ နာရီ မြန်မာပိုင်း အသံလွှင့် အစီ အစဉ် များ ပြီးဆုံးသည့် အချိန် အထိ နေ့စဉ် လွှင့်ထုတ်သည်။ 

လူအများ ကလည်း ရေဒီယိုများ ရှိရာတွင် စုကာ ရုံးကာဖြင့် ၀ိုင်းဝန်း နားဆင် ကြသည့် ကာလ များကို ယခုထိ မြင်ယောင် နေမိသည်။ ၁၉၈၂ ရုပ်မြင် သံကြားများ ပေါ်လာပြီး နောက်ပိုင်း ကာလ များတွင် မူ ရေဒီယို သာမက တီဗီ များမှာပါ အာဇာနည်နေ့ ဆိုလျှင် အဆိုပါ မိန့်ခွန်းများ၊ လွတ်လပ်ရေး ကြိုခေတ်က ဗိုလ်ချူပ် အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်း ဆောင်ကြီးများ ၏ လှုပ်ရှားမှု ပုံရိပ် ရုပ်ရှင် မှတ်တမ်း များကို နောက်ပိုင်း ပြသလာသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်း စုကြည် ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တစ်ခဲနက် အနိုင် မရခဲ့မီ အထိပင်။

ဟိုတုန်းဆီက အာဇာနည်နေ့

မှတ်မိ သေးပါသည်။ ကျွန်တော်တို့ ငယ်စဉ် က အာဇာနည်နေ့ ဆိုလျှင် ကျွန်တော်၏ ဖခင်က မိသားစု တစ် ခု လုံးကို နှစ်စဉ် ခေါ်သွားခဲ့ဘူး သည့် ဖြစ်ရပ်များ။

နေ့လည်စာ စားပြီး သောက်ပြီးပြီ ဆိုလျှင် မိသားစု အမှတ် ၈ ဟီနိုးကား (ဟိုတုန်းက ရှစ်ကား ဟုခေါ် သည်။) ကြီးကို စီးပြီး မြေနီကုန်းတွင် ဆင်း၊ ပြီးလျှင် တော်လှန်ရေး ပန်းခြံ ကို ပတ်ပြီး အကြာကြီး လမ်းလျှောက်ကာ အာဇာနည်ကုန်း ကို သွားကြသည်။ 

ထိုစဉ်က အာဇာနည်ကုန်း ဆိုသည်မှာ ယခုမြင်တွေ့ နေရသည့် အမွှန်း အချွန်းကြီးများ ထောင်ထ ထိုးထွက် နေသည့် အနီရောင် အာဇာနည်ကုန်း မဟုတ်။ ယခု အာဇာနည်ကုန်း အခင်း အကျင်း အဆင် အပြင်မှာ ၁၉၈၃ ခု၊ အောက်တိုဘာ ၉ ရက်နေ့က မြောက်ကိုရီးယား အေးဂျင့်များ ရန်ကုန် အာ ဇာနည်ကုန်းကို အကြမ်းဖက် ဗုံးခွဲခဲ့ အပြီး ပြန်လည် ပြင်ဆင်မှုမှ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က အာဇာနည် ကုန်းမှာ အာဇာနည် ကြီး ၉ ဦး ၏ အုတ်ဂူကြီး ၉ လုံးကို ရင်ဘောင်တန်း အပြိုင် လဲ လျောင်း ထားသည့် ပုံသဏ္ဍာန် ဖြစ်သည်။ အုတ်ဂူ ကြီးများမှာ အတော်ပင် ကြီးမား လှပြီး သလင်း ညိုရောင် တာရာဇို ကျောက်ပွတ် ထားပြီး ပြောင်လက် နေသည့် ခပ်မှိုင်းမှိုင်း ပုံစံဖြစ်သည်။ အပေါ်က သွပ်ပြား မိုးကို သစ်သား တိုင်ကြီး များဖြင့် ခုခံ ထားသည့် မြန်မာ့ ဟန်ပန် ဆန်ဆန် ဇရပ် လိုလို အမိုး များဖြင့် မိုးကာ ထားသည်။ နိုင်ငံတော် အခမ်း အနားများ ပြီးစီးပြီ ဆိုသည်နှင့် တစ်နှစ် ပတ်လုံး အ များ ပြည်သူ အားလုံးကို ၀င်ထွက် သွားလာ လည်ပတ် ခွင့်ပြု ထားသည်။ လူတန်း ကြီးများ တစ်သုတ်ပြီး တစ်သုတ် လာ ရောက် လည်ပတ် ဂါရ၀ ပြုကြသည် များမှာ ပျားပန်း ခပ်မျှ။ အများ အားဖြင့် လာရောက် လည်ပတ် သူများမှာ ပန်းများ၊ ပန်းခွေ အသေးစား လေးများ ယူဆောင် လာကြပြီး အာဇာနည် ကြီးများ ၏အုတ်ဂူ များရှေ့ တွင် ထားထား ခဲ့ကြသည်။

ထိုအထဲမှ ဆရာကြီး ဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့၏ အုတ်ဂူ များကို ဖခင်ကြီးက ညွှန်ပြကာ၊ "သားတို့ သမီးတို့ရေ၊ အာဇာနည်ကြီး တွေထဲမှာ ဒီပုဂ္ဂိုလ်ကြီး နှစ်ယောက် ကတော့ဖြင့် ပါပါ တို့လို မြန်မာ မွတ်စ လင်မ် တွေပဲကွဲ့ “ ဟုပြောပြ သံအား မှတ်သား ခဲ့ရဘူးသည်။ ဂုဏ်ယူ ၀ံ့ကြွား ခဲ့ဘူးသည်။

အာဇာနည်ကုန်း ပြီးပြီဆိုလျှင် လူအများဆုံး သွားလာ လည်ပတ် ကြသည်မှာ တာဝါလိန်း လမ်း ရှိ အ ဖြူရောင် အနောက်တိုင်း ဆန်ဆန် မီးခိုးခေါင်းတိုင် ပါသည့် ခြံကျယ်ကြီး ထဲမှ နှစ်ထပ် အိမ်ကြီး၊ ထို အိမ် ကြီးမှာ ဗိုလ်ချုပ် ပြတိုက် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း မကျဆုံးမီ ကလေး အထိ မိသားစုနှင့် နေထိုင် သွားခဲ့သည့် ကိုလိုနီခေတ် အဆောက် အအုံကြီး။ 

ထိုအိမ်မှာပင် ယခု ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်း စုကြည်ကို မွေးဖွား ခဲ့သည်။ ဗိုလ်ချုပ် ၏သားငယ် အောင်ဆန်းလင်း ရေနစ် ကွယ်လွန် ခဲ့သည် မှာလည်း ထိုအိမ်ကြီး ခြံဝိုင်း ထဲမှ ရေကန် ထဲတွင် ပင်ဟု မှတ်သား ဘူးသည်။ မွေးကင်းစ ကပင် ကွယ်လွန် သွားခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း ၏ သား ငယ် နောက်တစ်ယောက် လည်း ယင်းအိမ် မှာပင် မွေးဖွားသည် ဟု သိရသည်။

အိမ်ထဲ လှည့်ပတ် ကြည့်ရှုခွင့် မရမီ ရှည်လျား လှသည့် လူတန်းကြီး များဖြင့် တန်းစီ ခဲ့ရသည်ကို လည်း ပြန်လည် အောက်မေ့ မှတ်မိ နေသေး ပါသည်။ ပြတိုက်ထဲ ၀င်သွားလျှင် တန်းစီပြီး စနစ်တကျ လှည့်လည် ကြည့်ရှု ရသည်။ လူအများကြီး ဖြစ်သော်လည်း မည်သူမျှ အသံဗလံ ဆူဆူ ညံညံ ဗရုတ်ကျ ခဲ့သည် ဟု မမှတ်မိ။ အားလုံး စည်းကမ်း သေ၀ပ်စွာဖြင့် ကြည့်ရှု ကြသည်ချည်း။ 

ဗိုလ်ချုပ် အောင်ဆန်း အိပ်ခန်း၊ စာကြည့်ခန်း၊ ဒေါ်အောင်ဆန်း စုကြည် အပါ အ၀င် သားသမီးများ အိပ်စက် ခဲ့ကြသော ကုတင်များ၊ သစ်သား ဆက်တီ ကုလားထိုင် စားပွဲများ ပေါ်တွင် တင်ထားသည့် ထိုစဉ်က မိသားစု အသုံးအဆောင် ပန်းကန် ခွက်ယောက်များ။ အထူးခြားဆုံး မှတ်မိ နေသည်ကား “ကြည် .. ပဲပြုတ် နဲ့ နံပြား ရရင် စားချင်တယ်“ ဟု ဗိုလ်ချုပ် လက်ရေးဖြင့် ရေးထားသည့် ၀ါကျင့်ကျင့် ဖြစ်နေသော စာရွက်။

ဗိုလ်ချုပ် ပြခန်း ပြီးလျှင် ကျွန်တော်တို့ မိသားစု နောက်ဆုံး သွားသည်က တာမွေ ဆွန်နီ ကဗရ်စတန် ခေါ် တာမွေ မွတ်စလင်မ် သုဿာန်။ ထိုသုဿာန် ၏ လူသွားမင်း လမ်းနံဘေး မြင်သာသည့် နေရာ တွင် မူ အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦး ထဲမှ အစ္စလာမ် ဘာသာဝင် နှစ်ဦး ဖြစ်သည့် ကျဆုံး ချိန်က ပညာရေး နှင့် အမျိုးသား စီမံကိန်း ၀န်ကြီး ဆရာကြီး ဦးရာဇတ် နှင့် သူ၏ ကိုယ်ရံတော် ရဲဘော် ကိုထွေး တို့ နှစ်ဦး ကို အမှန် တကယ် မြှပ်နှံ ထားခဲ့သည့် နေရာ ဖြစ်သည်။ ထိုနေရာတွင် အဆိုပါ ပုဂ္ဂိုလ် ကြီး နှစ်ဦး ကို ဇေယာရသ် ဆုတောင်းခြင်း အမှုကို ပြုလုပ်ပြီး ကျွန်တော်တို့ မိသားစု၏ တစ်နေ့တာ အာဇာနည်နေ့ လည်ပတ်မှု ကိုအဆုံး သတ်သည်။

အာဏာကို လက်မလွှတ် ခုံမင်လှသော စစ်ဗိုလ် များက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်း စုကြည် ၏ ပါတီ တစ်ခဲနက် အနိုင်ရ အပြီး ၎င်း၏ ဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အခန်း ကဏ္ဍ ကို ဖျောက်ဖျက်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း ခဲ့ကြသည်။ ဟိုအရင် ငွေစက္ကူ များက အစ ငွေအကြွေစေ့ များပါ မကျန် ဗိုလ်ချုပ် ခေါင်းဖြင့် ရိုက်နှိပ် သွန်းလုပ် ထားသည့် တရား ၀င် မြန် မာ့ ငွေကြေး များအား တစ တစ နှုတ်သိမ်းကာ ယနေ့ မြင်တွေ့ နေရသည့် တိရစ္ဆာန် ပုံများဖြင့် အစား ထိုး သည်။

အာဇာနည်နေ့ စသည့် ဗိုလ်ချုပ် နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ၏ သမိုင်းကို ဖော်ကျူး သည့် အမှတ်တရ အခမ်းအနား များအား သေးသိမ်အောင် ပြုခဲ့သည်။ ထိုသည့် ကိစ္စများကား မြန်မာ့ သမိုင်း တွင် အဆိုးဖက် ပုံရိပ် တစ်ခု အနေဖြင့် နှောင်းလူ တို့ မှတ်မိ နေကြမည် သာဖြစ်သည်။  

ဗိုလ်ချုပ် အောင်ဆန်း သာမက အာဇာနည် ခေါင်းဆောင်ကြီး များတွင် မွတ်စလင်မ် နှစ်ဦး ပါဝင် ခဲ့သည် ဟူ သည့် သမိုင်းမှန် ကိုလည်း စနစ် တကျ ဖျောက်ဖျက် ပစ်ရန် ကြိုးစား ခဲ့သည်။ ဆရာကြီး ဦး ရာဇတ် တို့ကို မြုပ်နှံ သဂြိုဟ် ထားသည့် တာမွေ ဆွန်နီ သင်္ချိုင်း အား အစဖျောက်ဖို့ ကြိုးစား ခဲ့သည့် မှာ ဆယ် စုနှစ် နှစ်ခုခန့် မျှ ပင် ကြာခဲ့ပြီ ဖြစ်သည်။

ကျွန်တော် တော့ အတော်လေး ရေးသားခဲ့ပြီ။ စာဖတ်သူ မိတ်ဆွေ အနေဖြင့် ယနေ့ ကြုံကြိုက် နေရသည့် အာဇာနည် နေ့ဆိုသည် နှင့် ယခု ကျွန်တော် ရေးသား ခဲ့သည့် အကြား ကွာဟချက် အတော် များများကို ရှာတွေ့ ခဲ့ပါ လိမ့်မည်။ ထိုကွာဟ ချက်သည်ပင် သမိုင်းကို ပုံဖျက် ပျောက်ပျက် အောင် ကြိုးစား ပုံဖော်ခဲ့ ကြသည့် လူညစ် များ၏ သမိုင်း အမည်းစက် ဖြစ်သည်ဟု မှတ်တမ်း တင်လို ပါသည်။ ကျေးဇူးတင် ပါ သည်။

Comment ရေးရန်

Rohingya Exodus