အဖွားတို့ ခေတ်က ဆွမ်းထမင်း တစ်လုတ်
O’Laie Manzu
4.5.2013
နံနက် ဝေလီ ဝေလင်း အချိန်မှာ အဖွား ဖြစ်သူဟာ ဘုန်းကြီး ဆွမ်းလောင်းပြီး အိမ်ထဲ ပြန်ဝင် လာကို တွေ့ တော့ ဘဝင် မကျတဲ့ လေသံနဲ့
“နာနီး …ဘာလို့ ဘုန်းကြီး ဆွမ်းသွား လောင်းနေ ရတာလဲ၊ အီမာန် ပျက်သွားမယ်။ ပတ်ဝန်းကျင် လေးဘာလေး ကြည့်ပါဦး” လို့ ကျနော် စောဒက တက်ခဲ့တယ်။
“အီမာန်…?”
မေးခွန်း ထုတ်တဲ့ လေသံ ခပ်မြင့်မြင့်နဲ့ အဖွားက တုန့်ပြန် ခဲ့တယ်။ အနားကပ် လာပြီး ကျနော့်ရဲ့ ရင်ဘတ် ကို လက်ညိုးနဲ့ ထောက်ကာ …
“အီမာန် ဆိုတာ ဒီမှာ ရှိတယ်။ အလ္လာဟ် အရှင် မြတ်က လွဲရင် ဘယ်သူမှ မတွေ့ဘူး။ ပတ်ဝန်း ကျင်က သိဖို့ လည်း မလိုဘူး။ ပြဖို့လည်း မလိုဘူး။” လို့ ပြန်ဖြေပြီး မီးဖိုခန်း ထဲသို့ ဝင်သွား ခဲ့တယ်။ အဖွားရဲ့အဖြေ ကို သဘော မကျတဲ့ မျက်နှာထိ မျက်နှာ ထားနဲ့ အဖွားကို သာကြည့် နေခဲ့ မိတယ်။
တစ်အောင့် လောက် အကြာ… နံနက်စာ စားပွဲမှာ ဝိုင်းထိုင် နေကြစဉ် အဖွားက ကျနော့် မျက်နှာကို ကြည့်ပြီး ဆိုင်းမဆင့် ဗုံမဆင့် …
“လူတွေက လုပ်ရပ်ကို ကြည့်ပြီး ဝေဖန် ကြတယ်။ အနှစ် သာရကို မသိဘူး။ အဲဒီလို ကျိုးကြောင်း နားမ လည်ဘဲ ထင်သလိုေ ပြောတက်တဲ့ လူစားမျိုး ငါ့မြေးတို့ မဖြစ်ရအောင် ကြိုးစား နေထိုင်ကြ” လို့ ပြော လိုက်တယ်။
အဖွား ဘာကို ရည်ညွန်း ပြောနေတယ် ဆိုတာကို အရိပ် အမွတ် လောက်တော့ သဘော ပေါက်လိုက် တယ်။ ဒါပေမယ့် ဆိုလိုရင်းရဲ့ လေးနက်မှု ကိုတော့ ချက်ချင်း မသိ လိုက်ဘူး။ မလောက်လေး မလောက် စား သိထားတဲ့ အတွေး အခေါ် အယူ အဆ တွေနဲ့ ဟုတ်လှပြီ လို့ထင် နေတဲ့ ကျနော့် အဖို့ ကတော့ အဖွားရဲ့ ဆိုလိုရင်း ကိုလည်း လေးလေး နက်နက် စဉ်းစားဖို့ စိတ်ကူး မရှိ ခဲ့ဘူး။ နံနက်က အဖွားရဲ့ လုပ်ရပ်ကို ပြန်လည် ချေပဖို့ဘဲ ဆိုင်းပြင်း နေခဲ့တယ်။ အဖွား ပြောနေတဲ့ လုပ်ရပ်တွေ၊ အနှစ်သာရတွေ၊ ကျိုးကြောင်းတွေက အစောက ဘုန်းကြီးဆွမ်းလောင်းတာကိုဘဲ တွေးမြင်မိတယ်။ ဒါတွေက အစ္စလာမ် ဘာ သာဝင်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ယူဆတဲ့ ကျနော်ကတော့ စကားဝိုင်းကို လိုရာဆွဲယူ ခဲ့တယ်။
“မွတ်စလင် တစ်ယောက် က ဘုန်းကြီး ဆွမ်းလောင်းတဲ့ အလုပ်နဲ့ မဆိုင် ပါဘူး။ အဲဒီမှာ ဘာအနှစ် သာရမှ လည်း မရှိဘူး။ နားလည်လို့ လည်း မရဘူး။” လို့ချေပ ခဲ့တယ်။ ထမင်း ဝိုင်းက အခြား မိသားစုဝင် တွေ ကတော့ လမ်းပျောက် နေသူ တွေလို မျက်စေ့ တွေဝေ့လည် လည်နဲ့ ဘာပြောလို့ ပြောရမှန်း မသိဖြစ် နေ ကြတယ်။
“ဒီမနက် နာနီး ဘုန်းကြီး ဆွမ်းလောင်း တာကို ငါ့မြေး ဘဝင် မကျဘူး ဆိုတာ သိပါတယ်။ ဘုန်းကြီး တွေ ကဆွမ်းခံထွက်ရင်ဘယ်သူဆီမှ တောင်းခံတာမဟုတ်ဘူး။ စေတနာရှိရင်ပေးလို့ရတယ်။အိမ်ရှေ့ရောက်လာ သူတွေကို နာနီး ဘယ်တုန်း ကမှ လက်ခါလီ ပြန်မ လွတ်ခဲ့ဘူး။”
“ကန်တော့ ပါသေး တယ်လို့ ပြောလိုက်ရင် နောက် အိမ်ရှေ့ ဘယ်လာ တော့မလဲ။ အခုတော့ ဆွမ်းတစ် ခါ လောင်း လိုက်တော့ နောက်ဆို နေ့တိုင်း အိမ်ရှေ့လာတော့ မှာပေါ့”
“ဆွမ်းခံ ကြွတယ်လို့ ပြောရတယ်။ ဗမာ စကားမှာ လူကြီးကို ပြောတဲ့ စကား၊ ရွယ်တူချင်း ပြောတဲ့ စကား၊ ဆရာ သမား တွေကို ပြောတဲ့ စကား တွေမှာ အသုံး အနှုန်း မတူ ကြဘူး။ ဒီလိုဘဲ ဘုန်းကြီး တွေ ကို ပြော တဲ့ စကား ကလည်း သူ့အသုံး အနှုန်းနဲ့ သူရှိတယ်။” ဟု ကျနော် စကား အသုံး အနှုန်း မှားသွား တာကို ချက်ချင်း ထောက်ပြပြီး ပြုပြင် ပေးခဲ့တယ်။ နောက် စကားပြန် ဆက်တဲ့ အနေနဲ့…
“ကန်တော့ ပါသေးတယ် ဆိုတဲ့ စကားလုံးက ရိုးရှင်း ပေမယ့် နာနီး ပါးစပ်က ပြောမထွက်ဘူး။ ဒါပေမယ့် အစော တုန်းက ဆွမ်းလောင်း လိုက်တာက အားနာလို့ မဟုတ်ဘူး။ အလှူ အတန်း လုပ်တာ။ ငါ့မြေးတို့ တစ်နေ့ တစ်နေ့ သူငယ်ချင်း အပေါင်း အသင်း တွေကို လက်ဖက်ရည် တိုက်လိုက်၊ မုန့်ဝယ် ကြွေးလိုက် မလုပ်ကြ ဘူးလား။ အိမ်ဖိတ် ခေါ်ပြီး ထမင်း လက်စုံ မစားကြ ဘူးလား။ သူတို့ရော ဘာသာခြား တွေ မ ဟုတ် ဘူးလား။ ဘာသာခြား ဖြစ်လို့ ဖော်ဖော် ရွေရွေ မကျွေး မွေးရ တော့ ဘူးလား။ သေချာ စဉ်စား ကြည့်ပါဦး။ ဘုန်းကြီး ဆိုတာ လူ့တွေရဲ့ သမရိုးကျ တွယ်မက် တာတွေကို စွန့်လွတ်ပြီး တရားအား ထုတ်နေ ကြတယ်။ သူ့ရဲ့ တရားကို လက်ခံတာ မခံတာက အပထား။ ကောင်းမှု ကုသိုလ် လုပ်တဲ့သူ အတွက် ထမင်း တစ်လုပ် လှူဖို့ လက်တွန့် မနေ ရဘူး။”
“ဘုန်းကြီး ကိုလှူတာ တခြား သာမန် လူတွေကို ကျွေးမွေး တာနဲ့တော့ ဘယ်တူ မလဲ။” မတူဘူး ဆိုတာကို အဖွားရော ကျနော်ရော သဘော ထားချင်း တိုက်ဆိုင် ပေမယ့် မတူပုံ မတူနည်း ကတော့ သိသိ သာ သာ ခြားနား နေခဲ့ ပါတယ်။
“ဘုန်းကြီးကို လှူတော့ သူများ ဘာသာကို အားပေး အားမြှောက် လုပ်ရာ ကြတယ်။ သာမာန် လူတွေ ကို ကျွေးမွေး တာက စားပြီးပြီး သွားရော။ ကောင်းကျိုး လည်း မရှိဘူး။ မကောင်း ကျိုးလည်း မရှိဘူး။ မိတ်ဖွဲ့ ရင်းနှီးတာ လောက်ဘဲ ရှိတယ်။”
“ဒါဆို ဘုန်းကြီးကို အလှူ ပေးတဲ့ ထမင်း တစ်လုပ် ကတော့ ဆိုးကျိုး တွေရှိတယ်လို့ ငါ့မြေး မြင်နေလား။”
အဖွားရဲ့ မေးခွန်းကို ပြန်မဖြေဘဲ နှုတ်ခမ်း နှစ်လွှာ အားပါပါ နဲ့ ပိတ်ထား လိုက်ပြီး လုပ်ကြံပြုံး ပြုံးပြ လိုက်တယ်။ ထမင်း တစ်လုတ် အလှူ ပေးတာကို ပုံကြီးချဲ့ စောဒက တက်ပြီး ဖြေမယ့် အဖြေ အတွက် ကိုယ့်ကိုကိုယ့် ရှက်မိတယ် လို့တော့ မဟုတ်။ လေးနက်ပြီး သဘာဝ ကျတဲ့ အဖြေမျိုး မဟုတ်တဲ့ အ တွက် ပြန်မဖြေ ခဲ့တာဘဲ ဖြစ်မယ်လို့ ဝိုးတဝါး သာမှတ်မိ တော့တယ်။
အလှူအတန်ရဲ့ဆိုးကျိုးကို ရှာကြံပြီး ပြန်ဖြေ ခဲ့မယ် ဆိုရင်လည်း …
“ပတ်ဝန်းကျင် မွတ်စလင်တွေ အထင်လွဲ ကုန်လိမ့်မယ်” တို့၊ “ကဲ့ရဲ့ စရာတွေ ဖြစ်ကုန် လိမ့်မယ်” တို့၊ “မွတ်စလင် တွေနဲ့ အယူ ဝါဒခြင်း မတူတဲ့ ဘာသာရေး ခေါင်းဆောင် ထမင်း တစ်လုတ်စာ အင်အား တိုး လာ လိမ့်မယ်” တို့ အစရှိတဲ့ အပေါ်ယံ အတွေး အခေါ် နဲ့သာ အဖွားရဲ့ မေးခွန်းကို တုန့်ပြန် လိုက်မိ မှာပါ။ ကျနော် နှုတ်ဆိတ် နေပေမယ့် မကြေ လည်တဲ့ အတွေး အခေါ် တွေနဲ့ နဘန်းလုံး နေတယ် ဆိုတာ ကို အဖွားက သတိပြု မိပုံ ပေါ်တယ်။
“ဘာသာ ခြားတိုင်း စည်းခြား ထားဖို့ မလိုဘူး။ ဘာသာ ရေးနဲ့ ပတ်သက်တဲ့ စကား ပြောမယ် ဆိုရင်လည်း အမှန် တကယ် သိနားလည် ဖို့လိုတယ်။"
ကြုံရင် ကြုံသလို အမြဲ သွန်သင် ဆုံးမတတ်တဲ့ အဖွား ကတော့ စကား အစချီပြီး
"တမန်တော် ခေတ်မှာ မွတ်စလင်တွေ မက္ကာဟ် မြို့တော်က ထွက်ပြေး တုန်းက ခရစ်ယာန်တွေ ကူညီ ပေး ခဲ့ တယ်။ တမန်တော် မြတ်ကလည်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်း တွေကို ကာကွယ် ပေးခဲ့ တယ်။ နာနီး တို့ရဲ့ နှစ်ဘဝ သခင် ကျေးဇူးရှင် တမန်တော် မြတ် က တကိုယ်ကောင်း မဆန် ခဲ့ဘူး။ အမြော် အမြင် ကြီးတယ်။ ဖော်ရွေတယ်။ ရက်ရောတယ်။ ရိုင်းပင်း ကူညီတယ်။ အင်မတန် မွန်မြတ်တဲ့ ရှေ့ဆောင် လမ်းပြဘဲ။ အလ္လာဟ် အရှင်မြတ်က တမန်တော် မြတ်ကို မွတ်စလင် တွေအတွက် ချည်း စေလွတ် ခဲ့တာ မဟုတ်။ တမန်တော် မြတ်ကလည်း မွတ်စလင် တွေအတွက် ချည်း ကောင်းကျိုး ပြုခဲ့ တာမဟုတ်။ လူသား အားလုံး အတွက်။ နာနီး တို့က လည်း ဘာဘဲ လုပ်လုပ် 'လူသား အားလုံး အတွက်' ဆိုပြီး ကျယ် ကျယ် ပြန့်ပြန့် စဉ်စား လုပ်ကိုင် တက်ရမယ်။ နာနီး တို့ယုံကြည် တယ်ဆိုတာ ကြားဖူး နားဝနဲ့ ယုံကြည် တာမဟုတ်ဘူး။ ကိုရ်အာန်ကို နားလည် ဖို့လိုတယ်။ တမန်တော် မြတ်ရဲ စွန္နတ်တော် ပြုမှု ကျင့်ကြံ ပုံတွေကို သိထား ဖို့လိုတယ်။ လိုက်နာ ကျင့်သုံး ဖို့လိုတယ်။ ဒါတွေကို မသိ နားမ လည်ဘဲ ကြားဖူး နားဝတွေ ကိုဘဲ အားကိုး လို့မရဘူး။ နာနီး ယုံကြည့်တဲ့ နာနီးရဲ့ အီမာန် [ယုံကြည်ချက်] က ဘုန်းကြီးကို ဆွမ်းတစ်လုတ် လှူလို့ ပျက်မ သွားဘူး။ လျော့မသွား။ အကုသိုလ် မဖြစ် သွားဘူး ငါ့မြေး။ ဘေးပတ်ဝန်း ကျင်ပြောတာ ကိုလည်း ဂရုစိုက် ဖို့မလိုဘူး။ ကုသိုလ် လုပ်တယ် အလှူ အတန်း လုပ်တယ် ဆိုတာ မွန်မြတ် ပါတယ်။ တန်ရာ တန်ရာ အကျိုး ဆဝသ် ရပါတယ်။”
အဖွားရဲ့ ဘာသာ ရေးနဲ့ လူသား ဝါဒတွေ နှောင်ဖွဲ့ပြီး ပြောဆို ဆုံးမမှု တွေက အဲဒီ အချိန် တုန်းက ကျနော့် နားထဲမှာ အပေါ် ယံသာ ကြားလိုက် မိသလိုဘဲ။ လူ့သဘာဝ လို့ဆို ရမလား ... ကျနော် ဦးနှောက် ကဘဲ အလုပ်ရှုပ် နေသလား မသိ။ အတွေး တွေက ဦးနှောက် ထဲမှာ ပလူပျံ နေရော။ ဒါနဲ့ … ရေအကျိုး ဆယ်ပါး ရပြီး ဆွမ်းအကျိုး ကတော့ ငါးပါးပဲ ရကောင်း လားလို့ မကျေ မနပ် စောဒကတက် လို့ ဘုန်းကြီးက ဆွမ်းချက် ရာမှာ ရေလည်း ထည့်ရ တဲ့အတွက် ဆွမ်းအကျိုး ငါးပါး အပြင် ရေအကျိုး ဆယ်ပါး လည်းပါလို့ စုစုပေါင်း ဆယ်ငါးပါး ရတယ်လို့ ပုံဖော် ထားတဲ့ ဇာတ်ဝင် ခန်းလေးကို မျက်စေ့ထဲ ပြေးမြင် လိုက်မိတယ်။ ဒါပေမယ့် အယုံ အကြည် ချင်းမတူ ကြတဲ့ ကျနော်တို့ အဖို့ ဒီအကျိုး ဆယ့်ငါးပါး တော့ ရလိမ့်မယ် လို့မထင်။ ဘယ်သူက ဒီအကျိုးတွေ ချီးမြှင့်မှာလဲ အဖွားကို မေးခွန်း ထုတ်ခဲ့ ပြန်တယ်။
“ကောင်းတာကို လုပ်တိုင်း အဲဒီ ကောင်းမှုရဲ့ အကျိုး ရလဒ်ကို အလ္လာဟ် အရှင်မြတ် ကသာ ချီးမြှင့် ပေး မယ် ဆိုတာကို ငါ့မြေး မသေ မချင်း မှတ်ထား။ အဲဒါ ကိုက အစော တုန်းက ငါ့မြေး ပြောတဲ့ အီ မာန် ရဲ့ အစိတ် အပိုင်းဘဲ။ အလ္လာဟ် အရှင်မြတ် တစ်ပါးတည်း ကသာ အကျိုး ဆဝသ် ချီးမြှင့် ပေး သနား နိုင်တယ် ဆိုတာကို ခိုင်ခိုင် မာမာ ယုံကြည် နေဖို့ လိုတယ်။ နာနီး တို့ရဲ့ လုပ်ရပ် အပေါ်မှာ အကျိုး ဆဝသ် ချီးမြှင့်မယ် - မချီးမြှင့် ဘူးဆိုတာ အလ္လာဟ် အရှင်မြတ် ကသာ ဆုံးဖြတ် ပေးမှာ။ ကောင်းမှု ကုသိုလ် လုပ်ရမှာက နာနီးတို့ တာဝန်ဘဲ။”
အဖွား ဖြစ်သူရဲ့ သွန်သင် ဆုံးမမှုကို အတွန့် တက်ဖို့ စကားရှာ မတွေ့ခဲ့။ အဖွားရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ပိုမို လေးစား ခဲ့တယ်။ အစ္စလာမ် ဘာသာ အကြောင်း အဖွား လောက်လည်း မသိ သေးတာ ကိုတော့ ဝန်ခံ မိပါတယ်။ အီမာန် ဆိုတဲ့ ယုံကြည်မှု အကြောင်း လေးလေး နက်နက် စဉ်းစား ဖြစ်ခဲ့တယ်။ အီမာန် အကြောင်း စေ့စေ့ ပေါက်ပေါက် မသိဘဲ အီမာန် ပျက်နိုင် တယ်လို့ ပြောမိတဲ့ အတွက်လည်း တွေဝေး ခဲ့မိတယ်။
နောက်ရက် ဆွမ်းခံ ကြွလာတဲ့ ဘုန်းကြီးကို တွေ့တော့ ဆွမ်းလောင်းဖို့ ထွက်လာတဲ့ အဖွား ဆီက ပန်း ကန်ကို
“ကျနော် သွားလောင်း ပေးမယ်” လို့ယူခဲ့ လိုက်တယ်။
တက်တက် ကြွကြွ ဆွမ်းလောင်းချင် လို့တော့ မဟုတ် ပေမယ့် လူကြီး ဖြစ်သူ မနက်တိုင်း ဆွမ်းလောင်း နေ တာ ပတ်ဝန်းကျင် ကမြင် သွားရင် မကောင်း။ ဘာဘဲ ဖြစ်ဖြစ် ပတ်ဝန်း ကျင်ကို ဂရုစိုက် တယ်လို့ ဘဲ ပြောပြော ပတ်ဝန်းကျင်က မွတ်စလင်တွေ ဟိုပြော ဒီပြော ပြောကြမှ ကိုတော့ စိုးရိမ် မိခဲ့တာ အမှန်ဘဲ။ မွတ်စလင် တွေအကြား ပြောစရာဖြစ်… သိက္ခာ ကျမယ် ဆိုလည်း ကျနော် သာလျှင် သိက္ခာ ကျ ပါ စေတော့ ဆိုတဲ့ သဘောနဲ့ သူရဲကောင်း ဝင်လုပ်တဲ့ သဘော လည်း ပါခဲ့တာတော့ အမှန်ပါ။
ဘုန်းကြီး ရှိရာ လမ်းလျှောက် သွားချိန်မှာ အဖွားက
“ဖိနပ် မစီးရ ဘူးနော်” ဟု သတိပေး လိုက်တယ်။
အနားနား ရောက်တော့ ဘုန်းကြီးကို ပြုံးပြ လိုက်ပေမယ့် ဘုန်းကြီး ကတော့ ပြန်မပြုံး ပြဘူး။ မျက်လွှာ ချ ထားပြီး ရှေ့ဆက် ခရီးနှင် လိုရာ အရပ် ကိုသာ တည့်တည့် မတ်မတ် မျက်နှာမူ ထားတယ်။ ဖိနပ် ချွတ်ပြီး ခြေတစ်လှမ်း ရှေ့တိုး လိုက်တယ်။ ပြီးတော့ သပိတ် ထဲကို ထမင်း တစ်ကော် အသာ အယာ ထည့်လိုက်တယ်။ ဘဝ တစ်သက် တာမှာ ဘုန်းကြီးပေါင်း မြောက်မြား စွာတွေ့ ဖူးပေမယ့် အဲဒီ အချိန် မှသာ တစ်ပေခန့် အကွာ အနား ကပ်ဖူး တယ်။ တစ်ကိုယ် လုံးမှာ သင်္ကန်းနဲ့ သပိတ် သာပါ ရှိတဲ့ ဘုန်းကြီးရဲ့ ပုံစံနဲ့ မျက်နှာ အနေထား တည်ကြည် မှုဟာ တမူထူ ခြားနေ သလိုဘဲ။ နှလုံး အေးရ တယ်လို့ အတော် ကြာကြာ စိတ်ထဲမှာ စွဲမြဲ နေခဲ့တယ်။
အစ ကတော့ ပတ်ဝန်း ကျင်က မွတ်စလင် မိတ်ဆွေ တွေ မမြင်ခင် ဆွမ်းလောင်း ပြီး အိမ်ထဲ ကပြာ ကယာ ဝင်ပြေး မလို့ဘဲ။ ဒါပေမယ့် ဆွမ်းလောင်း ပြီးတော့ အသက်ခပ် ပျင်းပျင်း ရှုထုတ် လိုက်ပြီး ဘုန်းကြီး လမ်းတ ဖက်ကို ချိုးဝင် ပျောက်ကွယ် သွားတဲ့ အထိ ထမင်း ခွက်လေး ကိုင်ကာ မားမား မက်မက် ရပ်ကြည့် နေမိတယ်။ တစ်သက်တာ ထူးထူးခြားခြား အလှူအတန်းလုပ်လိုက်ရတဲ့ အတွက် ဂုဏ်မှောက်နေ လို့ လား၊ ပိတိ တွေနဲ့ ကြည်နူး နေမိလို့ လားတော့ ကျနော် လည်း မမှတ်မိ။ သေချာတာ ကတော့ ပတ်ဝန်း ကျင်ကို ဂရုစိုက်ရမယ့် စိတ်ဓါတ် တခဏတာ ကွယ်ပျောက်သွားခဲ့တယ်။
အိမ်ထဲ ပြန်အဝင်မှာ အဖွားက ချိုချို သာသာ ပြုံးပြပြီး ထမင်း ပန်းကန် ယူသွား ခဲ့တယ်။
နောက်ရက် တွေမှာလည်း ပုံမှန် ဆွမ်းလောင်း ပေးဖြစ် ခဲ့တယ်။ ဘယ်အချိန် အထိ ကြာကြာ ဆက်ပြီး ဆွမ်းလောင်း ပေးနေ မလဲ ဆိုတာ ကိုတော့ ကျနော်လည်း မစဉ်းစားမိခဲ့။ ဘေးပတ်ဝန်း ကျင်ပြောမှာ ကိုလည်း ကျနော် ဂရု မမူတော့။ တစ်ရက် တစ်ရက် အတွေး အခေါ် အယူ ဝါဒတွေ ကင်းရှင်းတဲ့ ထမင်း တစ်လုတ် အလှူ လုပ်နေ ရတာကို ပိတိ ဖြစ်မိတယ်။ သိပ်မကြာ ပါဘူး သုံးလေးရက် လောက် ပြီးတော့ ဘုန်းကြီး လည်း အိမ်ရှေ့မှာ မရပ် တော့ဘူး။ မျက်စောင်း ထိုးအိမ်က ဘုန်းကြီးကို သူတို့ အိမ်ရှေ့ ပင့်လိုက် ပုံပေါ်တယ်။ ကျနော်တို့ ဆွမ်းလောင်း ပေးနေတာကို အမြင် မတော် လို့လား၊ ဘာသာခြား ဆွမ်းလောင်း တာကို မကြိုက်လို့ လားတော့ ကျနော်တို့ လည်းမသိ။
နှစ်အတော် ကြာကြာ အမှတ် တရ လေးဖြစ်နေ ခဲ့တယ်။ အဖွားရဲ့ ဆုံးမမှု တွေကို ပြန်လည် ကြားယောင် မိ တိုင်း သတိရ နေမိတယ်။
အခု တလော ဘာသာရေး အရေး အခင်း တွေဖြစ် နေတော့ ပိုပြီး သတိရ မိတယ်။ အဖွားသာ ရှိနေ သေးရင် တစ်ချိန်က အဖွား မေးခွန်းကို မဖြေဘဲ နှုတ်ပိတ် နေခဲ့တဲ့ ကျနော် စောဒက တက်ပြီး အဖွားနဲ့ စကားဝိုင်း အတွန့်ရှည် ဖြစ်ဦးမယ် ထင်ပါတယ်။ အခုတော့ … အဖွားကို တမ်းတပြီး စိတ်ထဲ မှာ ပြောနေ မိတယ် ။
နာနီးရေ… သဘောထား မကြီးနိုင်တော့ တာကိုတော့ နားလည် ပေးပါ။ နှစ်တွေ လည်းကြာပြီ… ခေတ်တွေ လည်းပြောင်း ကုန်ပြီ မဟုတ်လား။ ဘုန်းကြီး တွေကလည်း အရင်လို မဟုတ် တော့ ဘူး။ ထမင်း တစ်လုတ် မပြောနဲ့ အနား ကပ်ရမှာ တောင် လက်တွန့် နေရပြီ။ ကြည်ညို စရာ ဆိုတာ တွေ လည်း ခမ်းခြောက် ကုန်သလို ပါဘဲ။ အခုဆို သင်္ကန်းခြုံ ထားတာ တွေ့ရင် ရင်တ ထိတ်ထိတ်၊ အန္တရာယ် ရှိတယ်လို့ အ ချက်ပြ နေသလို စိတ်ထဲမှာ တွေးထင် နေမိတယ်။ ဘုန်းကြီး မြင်ရင် အရင် ကလို နှလုံး မအေး တော့ ဘူး။