နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများနှင့် အချိတ်အဆက် ရှိနိုင်သည့် ဓါးပြ အဖွဲ့ကို မဖမ်းဘဲ အပြစ်မဲ့များကို ထောင်ချလျက်ရှိ



Rohingya Eye
RB News
28.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်စပ် ခြံစည်းရိုး အနီးတွင် စခန်းချလျက် ရှိသည်ဟု ယူဆရသည့် ဓါးပြ အဖွဲ့က ညပိုင်းတွင် ၀င်ရောက်၍ ဓါးပြတိုက်လျက် ရှိသော်လည်း တရားခံများကို လိုက်လံ မဖမ်းဆီးဘဲ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့ရှိ နယ်စပ်တလျှောက်တွင် ခြံစည်းရိုး ကာရံထားပြီး၊ အ၀င်/အထွက် ဂိတ်များတွင်လည်း နယ်ခြားစောင့်ရဲ ကင်းစခန်းများ ချထားပြီး ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အချိတ်အဆက် ရှိနိုင်သည်ဟု ယူဆရသည့် လက်နက်ကိုင် အဖွဲ့သည် ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ၀င်ရောက်၍ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများကို ၂၀၁၄ ခုနှစ်တွင် ဆက်တိုက် ကျူးလွန်ခဲ့သည်။ အဆိုပါ အဖွဲ့သည် ညပိုင်းတွင် ရွာများအတွင်း ၀င်ရောက်၍ ဓါးပြတိုက်ခြင်းများ ပြုလုပ်၍ နံနက် မိုးမလင်းမှီ နယ်စပ် ခြံစည်းရိုး အနီးရှိ ၎င်းတို့၏ စခန်းသို့ ပြန်သွားကြသည်ဟု ဒေသခံ အများစုက ယူဆနေကြသည်။ အမှုပေါင်းများစွာ ကျူးလွန်ခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က ယခုအချိန်ထိ တရားခံ တစ်ဦးမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့် အတွက် ဒေသခံများက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ထားသည့် အဖွဲ့ဖြစ်မည်ဟု ယုံကြည်နေကြသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ စ၍ စစ်ဆင်ရေး တစ်ရပ်ချမှတ်ကာ အဆိုပါ လက်နက်ကိုင် ဓါးပြ အဖွဲ့ ဆက်နွယ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဒေသခံ အများအပြားကို ဖမ်းဆီးထားခဲ့ပြီး၊ တရားရုံးတွင် တဖက်သတ် စီရင်ချက်ချသည့် အခါတွင် လက်နက်ကိုင် ဓါးပြအဖွဲ့နှင့် ဆက်နွယ်မှုနှင့် တရားစွဲဆိုခြင်း မပြုလုပ်ဘဲ နယ်စပ်ဖြတ်ကျော်မှု လူဝင်မှု ကြီးကြပ်ရေး ပုဒ်မဖြင့် နှစ်ရှည် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် သ၀န်းချောင်း ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သူ ဦးအဒူလာမီးန် (ဘ) ဦးအဒူဆလာမ် (အသက် ၄၅ နှစ်)၊ မော်လ၀ီ အာဘူလ်ဘော်ရှော်ရ် (ဘ) ဦးဘိုက်လာ (အသက် ၂၁ နှစ်) အပါအ၀င် အပြစ်မဲ့ ဒေသခံ (၇) ဦးကို နှစ်ရှည် ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့သည်။ ဇန်န၀ါရီလ (၁၃) ရက်နေ့ကလည်း သ၀န်းချောင်း ကျေးရွာမှ ဦးရှော်ကူသ်အုလ္လာ (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၃၀ နှစ်)၊ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးမော်တူးဖီးဇ် (အသက် ၃၅ နှစ်) နှင့် အမျိုးသမီး (၄) ဦးကိုလည်း မတရားသဖြင့် ဖမ်းဆီးထားပြီး၊ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ကျေးရွာမှ ဦးဂေါ်နူမျာ (ဘ) ဦးမူဘာရက်ခ် (အသက် ၃၀ နှစ်) (စက်လှေ ပဲ့ကိုင်) ကို အထက်ပါ အတိုင်း စွပ်စွဲ၍ ဖမ်းဆီးခဲ့ပြီး၊ ယခုလအတွင်း ခန့်မှန်းခြေ အားဖြင့် လူ ၂၀ ကျော်ကို အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဦးဆောင်၍ ဖမ်းဆီးခဲ့သည်။

သ၀န်းချောင်း ကျေးရွာ အနီးတ၀ိုက်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီးနေခြင်းကို မခံမရပ်နိုင် ဖြစ်၍ မလေးရှား နိုင်ငံသို့ စက်လှေများဖြင့် ထွက်ပြေးလျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

“နယ်ခြားစောင့်ရဲက တာဝန်က နယ်စပ် လုံခြုံရေးပါ။ နယ်စပ် ခြံစည်းရိုးမှာ နယ်ခြားစောင့် ရဲတွေ ရှိလျက်နဲ့ ညပိုင်းမှာ ရွာတွေထဲဝင် သောင်းကျန်းချင်တိုင်း သောင်းကျန်း၊ မနက်မိုးမလင်းခင် ပျောက်သွားနဲ့ ဆိုတော့ အဲဒီအဖွဲ့က နယ်ခြားစောင့် ရဲတွေနဲ့ လက်ဝါးရိုက်ပြီး လုပ်နေလို့ ဖြစ်မယ်။ ဒေသခံတွေ တိုင်ကြားတော့ အထက်လူကြီးက ဖမ်းဖို့ အမိန့်ပေးရင် မဆိုင်တဲ့ အပြစ်မဲ့တွေကို ဖမ်းပြီး ထောင်ချပြတယ်။ အရင် န.စ.က လက်ထက်ကလည်း အခုလို လုပ်ခဲ့တာတွေ ရှိတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus