နောက်ဆုံးသတင်း/ဆောင်းပါးများ

ပစ္စည်းများ မလုယက်ဟု လက်ဗွေပေးရသည့် အမျိုးသမီးကို ရဲမှူးငြိမ်းချမ်းအေး ခြိမ်းခြောက်



MYARF
RB News
15.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ပညောင်ပင်ကြီးရှိ အိမ်တစ်အိမ်မှ လုယက်ပြီး အိမ်ရှင် အမျိုးသမီးကို ၎င်းတို့ မလုယက် ခဲ့ကြောင်း လက်ဗွေနှိပ်ခိုင်း ခဲ့ပြီးနောက် ထပ်မံ၍ ခြိမ်းခြောက်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ပညောင်ပင်ကြီး ကျေးရွာသို့ ၀င်ရောက်၍ ဦးတာဟဲရ်၏ နေအိမ်မှ ငွေကျပ် ၁၇ သိန်း ၆ သောင်း၊ ရွှေ ၁၀ ကျပ်သားနှင့် CDMA Huawei G730 ဖုန်းတစ်လုံး တို့ကို လုယက်၍ ဦးတာဟဲရ်၏ ဇနီး ဖြစ်သူကို မည်သည့် ပစ္စည်းမှ မလုယက်ခဲ့ကြောင်း အတင်း အဓမ္မ လက်ဗွေနှိပ် ခိုင်းခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဇန်န၀ါရီ (၁၁) ရက်နေ့က RB News တွင် ဖော်ပြခဲ့သည်။ (အပြည့်အစုံ ရှု http://bit.ly/1CcjgLT)

သတင်း ဖော်ပြပြီးနောက် ရဲမှူး ငြိမ်းချမ်းအေးက CDMA ဖုန်းတွင် နဂိုက Mectel SIM ရှိခဲ့သော်လည်း ဘင်္ဂလား SIM တွေ့ရှိသည်၊ ထိုင်းဘတ်ငွေများလည်း မိသည်ဟု ဆိုကာ ထောင်ချမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်တာစ်အုလ္လာမှ တဆင့် ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲမှူး ငြိမ်းချမ်းအေး နှင့် အဖွဲ့သည် ၎င်းတာဝန်ယူထားသည့် နယ်မြေရှိ ရွာများအတွင်းသို့ ညစဉ် ညတိုင်း ၀င်ရောက်၍ ဒေသခံ ရွာသားများကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်လျက် ရှိသည်မှာ အချိန်ကာလ အတော်ကြာမြင့်ပြီ ဖြစ်သလို၊ အထက် အာဏာပိုင်များကိုလည်း ဒေသခံများက မကြာခဏ အကြောင်းကြား ထားပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းကို ယခု အချိန်ထိ အရေးယူခြင်း၊ နောက်နောင် မလုပ်ရန် ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus