နောက်ဆုံးသတင်း/ဆောင်းပါးများ

George Soros နှင့် အဖွဲ့ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာ



RB News
8.1.2015

စစ်တွေ ။ ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘီလီယံနာ သူဌေးကြီး Open Society Foundations တည်ထောင်သူ Mr. George Soros သည် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများနှင့် အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများ၊ ဒုက္ခသည် စခန်းများသို့ ရောက်နေကြသည့် ဒုက္ခသည်များနှင့် တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

Open Society Foundations တည်ထောင်သူ Mr. George Soros သည် ယနေ့ ဇန်န၀ါရီလ ၈ ရက်နေ့တွင် စစ်တွေမြို့ရှိ သက္ကေပြင်၊ စက်ရုံစုနှင့် ဒါးပိုင်ရှိ ရိုဟင်ဂျာနှင့် ရခိုင် ဒုက္ခသည် စခန်းများ၏ အခြေအနေ၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာများနှင့် အခြေအနေ များကို သွားရောက် လေ့လာခဲ့သည်။

အောင်မင်္ဂလာ ရပ်ကွက်သို့ နေ့လည် ၃ နာရီ အချိန်တွင် ရောက်ရှိခဲ့ပြီး၊ ၃း၃၀ နာရီ အချိန်ခန့်တွင် ထွက်ခွာ သွားကြောင်း သိရသည်။

“အောင်မင်္ဂလာ ရပ်ကွက်ရဲ့ အခြေအနေ ပြောင်းလဲမှု ရှိ/မရှိ၊ အရင်တုန်းက ရခိုင် တွေနဲ့ အတူ နေခဲ့ခြင်း ရှိ/မရှိ၊ သွားလာ လှုပ်ရှားခွင့် ရှိ/မရှိ၊ စီးပွားရေး လုပ်ငန်း ဘာတွေ လုပ်နေလဲပေါ့။ အဲဒါတွေ မေးပါတယ်။ ကျွန်တော်တို့ ကလည်း အခြေအနေ ပြောင်းလဲမှု မရှိတဲ့ အကြောင်း၊ ယခင်က ရခိုင်တွေနဲ့ အတူ နေခဲ့တဲ့ အကြောင်း၊ အခု သွားလာ လှုပ်ရှားခွင့် လုံးဝ မရှိတဲ့အကြောင်း၊ ဘာစီးပွားရေးမှ မရှိဘဲ ထောက်ပံ့စာ များကို စားနေရတဲ့ အကြောင်း တွေကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဖြေလိုက်ပါတယ်။ ဧည့်သည်တော်ကြီး မစ္စတာ ဂျော့ဆိုးရော့စ် ကတော့ ကျွန်တော်တို့ရဲ့ အခြေအနေ တွေကို သိရပြီး အလွန်ဘဲ စိတ်ထိခိုက် ရတဲ့ အကြောင်း ၀မ်းနည်း စကား ပြောပြီး ထွက်ခွာ သွားတယ်” ဟု အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။

အောင်မင်္ဂလာ ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာများမှာ တူရကီ နိုင်ငံမှ ထောက်ပံ့သည့် ရိက္ခာများနှင့် စားသောက် နေရသည်ဟု ဆိုသည်။ အဆိုပါ ဒေသခံက “ကျွန်တော်တို့ကို ကမ္ဘာ့ စားနပ်ရိက္ခာ (WFP) က ရိက္ခာ မပေးတော့ဘူး။ ဒုက္ခသည် စခန်း မဟုတ်လို့ မပေးတော့တာလို့ သိရတယ်။ အမှန်တော့လည်း အောင်မင်္ဂလာက ဒုက္ခသည် စခန်း မဟုတ်ဘူး။ ကျွန်တော်တို့က အောင်မင်္ဂလာ ရပ်ကွက်တွင်းမှာ ဒုက္ခသည် ဖြစ်နေတာ။ အစိုးရ အနေနဲ့ ကျွန်တော်တို့ကို ဒီရပ်ကွက် ကနေ ရှင်းချင်တယ်။ အဲဒါကြောင့် WFP ရိက္ခာဖြတ် ခံရတာ။ ရိက္ခာနဲ့ ပတ်သက်ပြီး ဒုက္ခပေါင်းစုံ ရောက်တာနဲ့ ဒုက္ခသည် စခန်းကို ပြောင်း ဆိုတဲ့ စကားတွေ ထွက်လာတယ်။ ကျွန်တော်တို့ ဒီက ထွက်သွားရင် စစ်တွေမြို့ပေါ်မှာ ရိုဟင်ဂျာ ကျန်မှာ မဟုတ်တော့ဘူး။ စနစ်တကျနဲ့ လုပ်တာပေါ့။ အစိုးရက ဘယ်လိုဘဲ စီမံကိန်းဆွဲဆွဲ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာဘဲ နေမှာပါ။” ဟု ပြောပါသည်။

Mr. George Soros သည် စစ်တွေ လေဆိပ်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် သီးသန့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီလ (၆) ရက်နေ့ကလည်း ရန်ကုန်မြို့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ဦးဆောင်သည့် ရိုဟင်ဂျာ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။


Comment ရေးရန်

Rohingya Exodus