နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲတွင် နယ်ခြားစောင့် ရဲများ၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူး တို့က ဒေသခံများထံမှ ငွေညှစ်



Rohingya Eye
RB News
9.2.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နယ်ခြားစောင့် ရဲများ၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲစခန်းမှူးနှင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က ဒေသခံများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်မှ ဦးဒိလ်မိုဟာမတ် (ဘ) ဦးအူမောရ်မျာ (အသက် ၃၅ နှစ်) နှင့် ဦးအာမတ်ဟူဆောင်း (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၄၅ နှစ်) တို့သည် ချောင်းတွင် ငါးဖမ်းရန် သွားနေစဉ် ရဲအောင်ချောင်းရှိ နယ်ခြားစောင့် ရဲများက ချောင်းဝ ကင်းစခန်း အနီးမှ ဖမ်းဆီးလိုက်ပြီး ငွေကျပ် နှစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ပုဇွန်ကန် ပိုင်ရှင်များ၊ ငါးဖမ်းသမား များကို ခြံစည်းရိုး ကျော်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လေ့ ရှိပြီး လွန်ခဲ့သည့် အပတ်ကလည်း သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေရုံးတွင် ခြံစည်းရိုး ကျော်၍ ငါးဖမ်းခွင့် ပေးမည်ဟုဆိုကာ ငါးဖမ်းသမားများထံမှ ငွေကျပ် ၂၀၀၀ စီ ယူကာ မှတ်ပုံတင်ခိုင်း ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့ ည ၁၀ နာရီတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချေနှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲတပ်ဖွဲ့မှ စခန်းမှူးတို့ ပူးပေါင်း၍ အမှတ် (၂) ရပ်ကွက်ရှိ အဘားစ် (ဘ) ဦးဆွေယာဒ်နူးရ် (အသက် ၂၀ နှစ်) နှင့် ၎င်း၏ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေသည့် ဦးအာဇီးဇ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၄၀ နှစ်) တို့ကို အကြောင်းမဲ့ ဖမ်းဆီး၍ တောင်ကြားထဲသို့ ခေါ်ဆောင် သွားပြီး ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ကွမ်းယာဆိုင်မှ ပစ္စည်းအချို့ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။ 

တစ်ဖန် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူး တို့သည် ဦးဟာဘီရောန် (ဘ) ဦးမူဘာရက်အလီ (အသက် ၇၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့ပြီး ဥပဒေမဲ့ ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း တရားမ၀င် လုပ်ငန်း လုပ်ကိုင်နေသည်ဟု မတရားသဖြင့် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၂ သိန်း လုယက် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးမောင်မောင်ချေသည် အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်သော်လည်း ရဲစခန်းမှူးနှင့် ပူးပေါင်း၍ အခြားသော ကျေးရွာ၊ ရပ်ကွက်များသို့ ၀င်ရောက်၍ ဒေသခံများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus