နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်မှ ဘူးသီးတောင်သို့ ဈေးဝယ်ရန် လာသူ တစ်ဦးကို ဖမ်းဆီး၍ ငွေ ၂၅ သိန်းညှစ်



RB News
16.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်မှ ဘူးသီးတောင် မြို့နယ်သို့ ဈေးဝယ်ရန်လာသည့် ဒေသခံ တစ်ဦးကို ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေးက အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရသေ့တောင် မြို့နယ် စိုင်ဂူးဒိုင် ကျေးရွာမှ ဦးမောင်သိန်းကျော် (ခ) ဦးအာဘူကာလာမ်သည် ဘူးသီးတောင် မြို့မဈေးတွင် ဈေးဝယ်ရန် ရောက်ရှိလာရာ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေးက အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ရဲအုပ် မြတ်ထွေးက ၎င်းတောင်းသည့် ငွေကို မပေးပါက နယ်ကျော်မှုဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရသေ့တောင် မြို့နယ်ရှိ ဒေသခံများမှာ ဈေးဝယ်ရန်နှင့် ဆေးကုသရန် အခက်အခဲ ရှိနေသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင် ဘူးသီးတောင် မြို့နယ်သို့ လာရောက်၍ ဈေးဝယ်ရန်နှင့် ဆေးကုသရန် ခွင့်ပြုချက် ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

ရဲအုပ်မြတ်ထွေးသည် နယ်ပိုင်းမှ ဈေးဝယ်ရန် လာရောက်သူများကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ် နေခြင်းမှာ နှစ်ပေါင်း များစွာ ရှိပြီး ဖြစ်သော်လည်း အထက် အာဏာပိုင်များက အရေးယူ ဟန့်တားခြင်း မရှိသည်ကို တွေ့ရသည်။ ၎င်းအား ပြည်နယ် ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ၀န်ကြီး ဌာနသို့ ဆင့်ခေါ်၍ စစ်ဆေးခြင်းများ ရှိခဲ့သော်လည်း စစ်ဆေးသူ များကို ငွေသိန်းပေါင်း များစွာ လာဘ်ထိုးခြင်းကြောင့် မည်သည့် အခါမှ အရေးယူခြင်း မရှိဟု ဒေသခံများက ဆိုသည်။ ဒေသခံများ အနေဖြင့် ၎င်း၏ လိုင်စင်ရ ဓါးပြ ပုံစံဖြင့် ညှဉ်းပန်း နှိပ်စက်သည့် ဒဏ်ကို နှစ်ပေါင်း များစွာ ခံစားလာနေရသဖြင့် ယခုအခါ သည်းခံနိုင်စွမ်း လုံးဝ မရှိတော့ဘဲ ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက ဒေသခံများနှင့် ရဲအုပ်မြတ်ထွေး အကြား မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်သည်ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus