ရဲမှူးချုပ်တင်ကိုကိုနှင့် ပတ်သက်၍ သမ္မတထံသို့ အိတ်ဖွင့်ပေးစာ
သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု မြန်မာနိုင်ငံတော်
နေပြည်တော်
ရက်စွဲ။ ။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်
အကြောင်းအရာ။ ။ နိုင်ငံတော် သမ္မတရုံး အမိန့် ကြေညာချက် အမှတ်၊ ၁၉/၂၀၁၅ ဖြင့် ယာယီ သက်သေခံ လက်မှတ်၏ ကုန်ဆုံးရက် သတ်မှတ်ခြင်း အပေါ် တဖက်သတ် အခွင့်ကောင်းယူ၍ မောင်တောခရိုင် အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုက ဒေသခံများကို အမျိုးမျိုး ခြိမ်းခြောက်နေခြင်းအား လိုအပ်သလို အရေးယူ ဆောင်ရွက်ပေး ပါရန် တင်ပြခြင်း။
လေးစားစွာဖြင့်-
၁။ ကျွန်တော်တို့ တင်ပြသူများသည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်း၌ ရှေးပဝေသဏီကပင် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အေးအတူပူအမျှ အတူတကွ ပူးတွဲယှဉ်တွဲ နေထိုင်လာကြသော ဒေသခံ ရိုဟင်ဂျာ တိုင်းရင်းသား လူမျိုးများ ဖြစ်ပါသည်။
၂။ ကျွန်တော်တို့သည် ၁၉၅၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ နိုင်ငံတော် အစိုးရမှ ပေးအပ်ခဲ့သော အမျိုးသား မှတ်ပုံတင် ကဒ်ပြားကို မြန်မာနိုင်ငံရှိ နိုင်ငံခြားသား မဟုတ်သော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ နည်းတူ ရရှိခဲ့သူများ ဖြစ်ကြပါသည်။ ၁၉၉၀ ခုနှစ်တွင် န.စ.က မှ အဆိုပါ အမျိုးသား မှတ်ပုံတင် ကဒ်ပြားကို သိမ်းဆည်းလိုက်ပြီး ယာယီ သက်သေခံ လက်မှတ်များကို လဲလှယ် ထုတ်ပေးခဲ့သည်။ ထို့သို့ လဲလှယ်ထုတ်ပေးခဲ့ခြင်းကို ရိုဟင်ဂျာ ပြည်သူများက လက်မခံ ခဲ့သော်လည်း န.စ.က ၏အမျိုးမျိုးသော အတင်း အဓမ္မ အကျပ်ကိုင်မှုကြောင့် မတတ်သာ၍ လက်ခံယူခဲ့ရသည်။ ထို့ကြောင့်လည်း ရိုဟင်ဂျာ ပြည်သူ များ၏ အဆင်မြင့် ပညာသင်ယူနိုင်ရေး၊ လွတ်လပ်စွာ သွားလာနိုင်ရေး စသော အခြေခံ အခွင့်အရေးများ ဆုံးရှုံးနေ ရသည်မှာ လွန်ခဲ့သည့် နှစ်ဆယ်ငါးနှစ်ခန့်မှ ယခု အချိန်ထိ ဖြစ်သည်။
၃။ သမ္မတရုံး၏ ကြေညာချက်တွင် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ များ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၃) ပါ ပြဌာန်းချက်တို့နှင့် အညီ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူ အချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ယာယီ သက်သေခံ လက်မှတ် များအား ထုတ်ပေးခဲ့သည်ဟု ပါရှိပါသည်။ အထက်ပါ ဥပဒေများကို အသေးစိတ် လေ့လာလိုက်သည့် အခါ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ များသည် နိုင်ငံခြားသားများ လုံးဝ မဟုတ်ကြောင်း လေ့လာတွေ့ ရှိရပါသည်။
၎။ စီစစ်ရန် အချိန်ယူသည့် သဘောဖြင့် ယာယီ သက်သေခံ လက်မှတ်ကို အချိန် အတိုင်းအတာ တစ်ခုအတွက် ထုတ်ပေး ခဲ့သော်လည်း ဆယ်စုနှစ် နှစ်ခုကျော်ကြာမျှ အခြားကဒ် တစ်ခုခုဖြင့် လဲလှယ် ဆောင်ရွက် မပေးခဲ့သော ယခင် အစိုးရ အဆက်ဆက်၏ ပျက်ကွက်မှုကို ယခုအခါ သမ္မတကြီး အနေဖြင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်ပေးရန် စတင် လုပ်ဆောင်လာသည်ဟု ယုံကြည်ပါသည်။
၅။ မည်သို့ပင်ဖြစ်စေ သမ္မတကြီး၏ ယာယီ သက်သေခံ လက်မှတ် သက်တမ်း သတ်မှတ်ခြင်းနှင့် သက်တမ်း ကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေး အစီအစဉ် ထုတ်ပြန် ကြေညာခြင်း အပေါ် တဖက်သတ် အမြင်ဖြင့် အခွင့်ကောင်းယူ၍ မောင်တောခရိုင် အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မောင်တောမြို့နယ်၊ ဇော်မတက် ကျေးရွာရှိ ကျောင်း၌ ကံပူး၊ အလယ်သံကျော်၊ အလယ်သံကျော် ကညင်းတန်း၊ ချိန်ခါလီ၊ သံဒါ၊ ၀ါးချ၊ ဇော်မတတ်၊ ပညောင်ပင်ကြီး၊ သရေကုန်တန်း စသော ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဗလီရှေ့ဆောင် ဆရာများ စသည်တို့ကို အစည်းအဝေး ခေါ်ယူခဲ့၍ "မင်းတို့ဆီက ယာယီ သက်သေခံ လက်မှတ်လည်း ရုပ်သိမ်းမည်၊ မည်သည့် ကဒ်မျိုးမှ ထုတ်ပေးမှာ မဟုတ်၊ မင်းတို့ကို တမင် ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်တယ်၊ ဘင်္ဂလီတွေ ဘင်္ဂလီ အဖြစ်သာနေ" ဟူ၍ ဒေသခံများကို အမျိုးမျိုး ခြိမ်းခြောက်လျက် ရှိနေပါသည်။
၆။ ဤကဲ့သို့ ဥပဒေနှင့် ဆန်ကျင်သော စကားမျိုးဖြင့် ဒေသခံ များအား ခြိမ်းခြောက် နေသော ရဲမှူးချုပ် တင်ကိုကိုကြောင့် နိုင်ငံတော် သမ္မတကြီး၏ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် များစွာသော ခက်ခဲမှုများ ပေါ်ပေါက်လာ နိုင်ပါသည်။ သို့ဖြစ်ပါ၍ ရဲမှူးချုပ် တင်ကိုကို၏ အာဏာ အလွဲသုံးစား ပြုလုပ်၍ ပြောဆို နေခြင်းများကို အချိန်မှီ တာဆီးပေးပါရန်နှင့် လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးနိုင်ရန် အတွက် သမ္မတကြီး ထံသို့ ရိုသေ လေးစားစွာ တင်ပြအပ်ပါသည်။
မောင်တောခရိုင်မှ ဒေသခံပြည်သူများ