နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြက်ရိုးပြင်နှင့် ဦးရှဥ့်ကျရှိ ပုဂ္ဂလိက ဈေးများမှ အာဏာပိုင်များ လစဉ် ငွေညှစ်လျက်ရှိ



Rohingya Eye
RB News
8.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်နှင့် ဦးရှဥ့်ကျ ကျေးရွာများရှိ ပုဂ္ဂလိက ဈေးများမှ နှစ်စဉ် နိုင်ငံတော်သို့ အခွန်ငွေများ ပေးဆောင်လျက် ရှိသော်လည်း အာဏာပိုင်များက လစဉ် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်နှင့် ဦးရှဥ့်ကျ ကျေးရွာများရှိ ပုဂ္ဂလိက ဈေးများသည် ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကိုယ်ပိုင်ဈေးများ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စည်ပင်သာယာသို့ အခွန်ငွေ (၇) သိန်းကျော် ပေးသွင်း၍ လိုင်စင် ရယူထားပြီး ရောင်းဝယ် ဖောက်ကားလျက် ရှိသည့် ဈေးများ ဖြစ်သည်။ ငါးခူရ ကျေးရွာ အခြေစိုက် စ.ရ.ဖ အဖွဲ့အား ကြက်ရိုးပြင် ပုဂ္ဂလိက ဈေးမှ လစဉ် ငွေကျပ် တစ်သောင်းနှင့် ဦးရှဥ့်ကျ ပုဂ္ဂလိက ဈေးမှ ငွေကျပ် တစ်သောင်းစီ ပုံမှန် ပေးသွင်းနေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ စ.ရ.ဖ အဖွဲ့အား လစဉ် ငွေပေးရန် အကြောင်းမရှိသော်လည်း ၎င်းတို့ ပေးလာမည့် အန္တရာယ်ကို စိုးရိမ်၍ ပေးနေရခြင်း ဖြစ်ပြီး၊ ပုံမှန် ပေးသွင်းရန် နောက်ကျပါက စော်ကားခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်သောကြောင့် ပုံမှန် မပျက်မကွက် ပေးသွင်း နေရကြောင်း ဒေသခံများက ပြောပါသည်။

ဈေးပိုင်ရှင်တစ်ဦး၏ မိသားစုဝင် တစ်ဦးက “ကျွန်တော်တို့က နိုင်ငံတော်ကို အခွန်ငွေ ပေးဆောင်ပြီး၊ တရားဝင်လုပ် နေတာဗျာ၊ စ.ရ.ဖ တွေက သူတို့ ရိက္ခာအတွက် ဆိုပြီး အခုလို မတရားသဖြင့် လစဉ် ဆက်ကြေး တောင်းနေတာက အရင် စစ်အစိုးရ လက်ထက်တုန်းကလို လုပ်နေတာပါ။ ကျွန်တော်တို့ ဈေးကလည်း နေ့တိုင်း ဖွင့်တဲ့ ဈေးမဟုတ်ဘူး။ တစ်ပတ်ကို နှစ်ကြိမ် ဖွင့်တဲ့ ဈေးပါ။ လစဉ် ဆက်ကြေး ပေးနေရတဲ့ အတွက် ကျွန်တော်တို့ အတွက် အခက်အခဲ ဖြစ်လာတယ်။ အဲဒါအပြင် နယ်ခြားစောင့် ရဲတွေ တောင်းတာလည်း ပေးရတယ်။ စည်ပင်ဝန်ထမ်းတွေ တောင်းတာလည်း ပေးရတယ်။ ကျွန်တော်တို့ ရတဲ့ အကျိုးအမြတ်ကို သူတို့ကို ခွဲဝေ ပေးနေရသလို ဖြစ်နေတယ်။ အရင်ကတည်းက လုပ်လာတဲ့ လုပ်ငန်း ဖြစ်လို့ လုပ်နေရပေမယ့် တကယ်တမ်းမှာ အကျိုးအမြတ် အဲဒီလောက် မရှိဘူး” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus