နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့နယ်မှ အာဏာပိုင် များ၏ ငွေညှစ်မှုများ၊ အလွဲသုံးစားမှုများ




MYARF
RB News
1.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးမှ နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစားမှုနှင့် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးက ဒေသခံများထံမှ ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဘူးသီးတောင် မြို့နယ် တောင်ပိုင်းသို့ သွားသောလမ်း (အငူမော်လမ်း) ပြုပြင် ဆောက်လုပ်ရန် GE တပ်မှ ကန်ထရိုက် ရယူပြီး၊ ဒေသခံ ရခိုင်များကို တဆင့် လက်လွှဲ ပေးအပ်ခဲ့သည်။ ကန်ထရိုက် စာချုပ်တွင် လမ်းအကျပ် ၁၅ ပေ၊ ကျောက်ခင်း အမြင့် တစ်ပေ ရှိသော်လည်း ယခုအခါ လက်လွှဲ ကန်ထရိုက် ရယူထားသူ များက လမ်းအကျယ် ၁၀ ပေနှင့် ကျောက် ၇ လက်မခန့်သာ ခင်း၍ ဆောက်လုပ်လျက် ရှိသည်။ ခင်းထားသည့် ကျောက်များမှာလည်း ကျောက်မာ မဟုတ်ဘဲ ကျောက်နု ကျောက်ပျော့များသာ ဖြစ်ကြောင်း သိရသည်။ ယခုအခါ လမ်းတစ်ဝက်ကျော် ဆောက်လုပ်ပြီးသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက် စစ်ဆေး၍ နဂို ကန်ထရိုက် စာချုပ်အတိုင်း ဆောက်လုပ်ရန် ညွန်ကြားခြင်း မပြုပဲ ရှိနေခြင်းမှာ လက်လွှဲ ကန်ထရိုက် ရယူများနှင့် ပူးပေါင်း၍ နိုင်ငံတော် ဘဏ္ဍာငွေများကို အလွဲသုံးစား ပြုနေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာမှ(၁) ဦးမာမတ်နူရ် (ဘ) ဦးအော်လီဟူစိန်း (အသက် ၂၈ နှစ်)၊ ဦးရှော်ဘူ (ဘ) ဦးဇော်လာလ်အာမတ် (အသက် ၅၅ နှစ်)၊ ဦးဂူလာမ်ရှောရိဖ် (ဘ) ဦးအူလာမျာ (အသက် ၅၃ နှစ်)၊ ဦးမာမတ်ယူနုစ် (ဘ) ဦးဖော်ဇော်လ် (အသက် ၃၅ နှစ်) နှင့် ဦးဇော်ကော်ရီယာ (ဘ) ဦဖော်ဇော်လ် (အသက် ၃၀ နှစ်) တို့သည် ဘူးသီတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ထံမှ ခွင့်ပြုချက် ရယူပြီး နေအိမ် ပြုပြင်ရန် အတွက် တောင်မှ သစ်ဖြူများ ခုတ်လျက် ရှိသည်။ မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် ရယူထားသော်လည်း ၎င်းရွာတွင် ယာယီ စခန်းချထားသည့် တပ်မတော်မှ ဗိုလ်ကြီး တစ်ဦးကို သစ်ခုတ်သူများကို ခေါ်ယူ၍ ၎င်းအား ငွေပေးရမည်ဟု ဆိုကာ ဦးဇော်ကော်ရီယာ ထံမှ ငွေကျပ် တစ်သောင်းနှင့် ကျန်လေးဦးထံမှ ငွေကျပ် နှစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ ဗိုလ်ကြီးသည် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တပ်မတော်သား အချို့နှင့် အတူ ၎င်းရွာမှ ဒေါ်မာဘီယာခါတူ (ဘ) ဦးတာန်ဒါမျာ (အသက် ၅၀ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဘင်္ဂလားဖုန်း ရှိသည်ဟု ဆိုကာ နေအိမ် တစ်အိမ်လုံးကို ရှာဖွေ စစ်ဆေးခဲ့သည်။ ဘင်္ဂလားဖုန်း မတွေ့ရှိခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသုံး ဖုန်းတစ်လုံး တွေ့ရှိခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဖုန်း ၀ှက်ထားသည်ဟု စွပ်စွဲ၍ ဒေါ်မာဘီယာခါတူကို လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားပြီး စစ်တပ် စခန်းတွင် ငါးနာရီကြာ ထိန်းသိမ်း ထားပြီး ငွေကျပ် တစ်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် မြို့မဈေးရှေ့တွင် ဗမာလူမျိုး တစ်ဦး မောင်းနှင်လာသည့် GE ဆောက်လုပ်ရေးတပ်မှ Lifan ကားတစ်စီးသည် ရိုဟင်ဂျာ လူမျိုး တစ်ဦး စီးနှင်လာသည့် ဆိုင်ကယ် တစ်စီးကို တိုက်မိခဲ့ရာ ဆိုင်ကယ် တစ်စီးလုံး လုံးဝ ပျက်စီး သွားသည့်အပြင် ဆိုင်ကယ် စီးသူလည်း ခြေထောက် ဒဏ်ရာ ရခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုသည် ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်မြတ်ထွေး၏ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့သော်လည်း ရဲအုပ်မြတ်ထွေးက ကားမောင်းသူကို မည်သို့မျှ မပြောဘဲ လွှတ်ပေးခဲ့သည်။ သို့သော်လည်း ဆိုင်ကယ် မောင်းသူနှင့် ဆိုင်ကယ်ကို ဆိုက္ကားပေါ်တင်၍ ခေါ်ဆောင် သွားခဲ့ပြီး၊ မည်သည့်နေရာသို့ ခေါ်ဆောင် သွားသည်ကို မသိရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus