နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာလူငယ်တွေ Obama ချီးကျူး

အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး တောင်းဆို ခဲ့ကြတဲ့ Selma မြို့ ချီတက် ဆန္ဒပြပွဲ နှစ် (၅၀) ပြည့် အခမ်းအနား တက်ရောက် မိန့်ခွန်း ချွေနေတဲ့ အမေရိကန် သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)


ဗွီအိုအေမြန်မာပိုင်း
8.3.2015

အမေရိကန် အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု သမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမား ပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက် ဆန္ဒပြပွဲ နှစ် ၅၀ ပြည့် အခမ်းအနားမှာ သမ္မတ ဘရာ့ခ် အိုဘားမား ပြောတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆို သွားပါတယ်။

“မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်တပ် အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့် အစား အကျဉ်းထောင် တွေထဲ သွားခဲ့ကြပါတယ်။ John Lewis လုပ်ခဲ့ တာကို သူတို့မြင်ခဲ့ကြတာပါ။” လို့ သမ္မတအိုဘားမားက ပြောပါတယ်။

မစ္စတာအိုဘားမား ထည့်သွင်း ညွန်းဆိုသွားတဲ့ John Lewis ဟာ ဆယ်လ်မာမှ မောင်ဂိုမာရီ (Montgomery) သို့ဆိုတဲ့ ချီတက်ပွဲတွေမှာ အဲဒီအချိန်က လူငယ် တက်ကြွ လှုပ်ရှားသူ တဦးအဖြစ် ဦးဆောင် ပါဝင်ခဲ့ပြီး ရဲတွေရဲ့ ရိုက်နှက် ဖမ်းဆီးတာကို ခံခဲ့ရသူဖြစ်ပြီးတော့ အထူး ထင်ရှားခဲ့ပါတယ်။ အခုတော့ သူဟာ ထင်ရှားတဲ့ လွှတ်တော် အမတ်တဦး ဖြစ်နေပါပြီ။

လမ်းလျှောက် ချီတက်ပွဲ နှစ် ၅၀ ပြည့် အခမ်းအနား အဖြစ် ဆယ်လ်မာမြို့မှာ စနေနေ့က ကျင်းပတဲ့ပွဲမှာ သမ္မတ အိုဘားမားက တိုင်းပြည် ပိုကောင်းဖို့အတွက် အမေရိကန် နိုင်ငံသား အားလုံး လက်တွဲ လုပ်ဆောင်ကြဖို့ တိုက်တွန်း သွားပါတယ်။

တန်းတူ အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲဝင်တာ အခုချိန်ထိ မအောင်မြင်သေးဘူး ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြု ပြောဆိုတဲ့ တချိန်တည်းမှာပဲ ဘာမှ မပြောင်းလဲ သေးဘူးလို့ ပြောကြတာ တွေကိုတော့ သူက ပယ်ချပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေ အပေါ် ရဲတပ်ဖွဲ့ရဲ့ ပြုမူ ဆက်ဆံပုံကြောင့် လူမျိုးရေး တင်းမာမှုတွေ အသစ် ပြန်ပေါ်လာနေချိန်နဲ့ အခု နှစ်ပတ်လည် အချိန် တိုက်ဆိုင်နေတာပါ။

Comment ရေးရန်

Rohingya Exodus