နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ တာဝန်ခံ ရာထူး မရသဖြင့် မူးယစ် ရမ်းကား၍ ရွာသားများကို ရိုက်နှက်လျက်ရှိ



MYARF
RB News
25.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာတွင် ကျေးရွာ တာဝန်ခံ ရာထူး ရယူရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးကို ၎င်း၏ တပည့်ဖြစ်သူ ဦးဆော်လီမူလ္လာက ငွေကျပ် ၇ သိန်း ပေးပြီး ကြိုးစားခဲ့သော်လည်း ကျေးရွာသားများ ကန့်ကွက်သောကြောင့် ကျေးရွာတာဝန်ခံ အဖြစ် ခန့်အပ်မည် မဟုတ်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဧပြီလ လဆန်းပိုင်းတွင် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ထိုသို့ ကျေးရွာသားများ၏ ကန့်ကွက်ခြင်းကို ခံရသဖြင့် ဦးဆော်လီမူလ္လာက ညအချိန်တွင် သောက်စား မူးယစ်၍ တုတ်၊ ဓါးများကိုင်ကာ လမ်းပေါ် ထွက်၍ ရွာသားများကို အော်ဟစ်ဆဲဆိုသည့် အပြင် လမ်းသွား လမ်းလာများကိုလည်း ငါ့အတွက် အင်တာနက်ပေါ်ကို သတင်းပေးပို့ခဲ့သည်ဟု ဆိုကာ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဧပြီလ (၁၆) ရက်နေ့ကလည်း ဖရုံချောင်း ပြိုင်းတောင်မှ အိုမောရ်ဖာရုခ် (ဘ) ဦးယာရ်မာမတ် (အသက် ၂၈ နှစ်) နှင့် အဒူကော်ရီးမ် (ဘ) ဦးအဒူမူနာဖ် (အသက် ၃၀ နှစ်) တို့ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက်ရာတွင် အသက် ၆၀၊ ၇၀ ကျော် သက်ကြီး ရွယ်အို များကိုလည်း ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူး ကိုလည်း လာဘ်ငွေ ရယူပြီး ၎င်းအား ကျေးရွာ တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း မရှိဟု ဆိုကာ ဆဲဆိုလျက် ရှိကြောင်း သိရသည်။

ဧပြီလ ဒုတိယ အပတ်တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ကျေးရွာ အုပ်စု ၇ စု၏ ခေါင်းဆောင် ဂူတာပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးကျော်လှက မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများ၊ ဗျူဟာမှူး၊ တပ်မမှူး စသော အရာရှိကြီးများ အားလုံး ၎င်း၏ လက်ထဲတွင် ရှိကြောင်း ကျေးရွာ တာဝန်ခံ မဖြစ် ဖြစ်အောင် လုပ်ပေးမည်ဟု ဦးဆော်လီမူလ္လာကို ပြောဆိုခဲ့ကြောင်း သိရသည်။ ဦးအေးကျော်လှက ဦးဆော်လီမူလ္လာကို ကျေးရွာ တာဝန်ခံ ဖြစ်အောင် လုပ်ပေးမည်ဟု ဆိုကာ ငွေကျပ် သိန်း ၂၀ ယူထားသည်ဟု ဒေသခံများက ဆိုသည်။

ကျေးရွာသားများက အကယ်၍ ဦးအေးကျော်လှက ဦးဆော်လီမူလ္လာကို ကျေးရွာ တာဝန်ခံ ရာထူး ရအောင် ရယူပေးပါက ၎င်းတို့ ကျေးရွာသားများ ရွာတွင်ပင် နေခွင့် မရတော့ဘဲ အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အထက် အာဏာပိုင်များက ဦးအေးကျော်လှမှ အရေးဆိုခဲ့လျှင် လေးနက်စွာ စဉ်းစားရန် လိုအပ်ကြောင်း၊ ၎င်းတို့ အနေဖြင့် သောက်စား မူးယစ် ရမ်းကားနေသူ တစ်ဦးကို ကျေးရွာ တာဝန်ခံ အဖြစ် ခန့်အပ်မည်ကို လုံးဝ မလိုလားကြောင်း ပြောပါသည်။

Comment ရေးရန်

Rohingya Exodus