နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများ၏ လယ်မြေများ သိမ်းဆည်း၍ ခိုးဝင် မြို၊ ခမီး၊ ဒိုင်းနက်များကို အိမ်ဆောက်လုပ် ပေးလျက်ရှိ



RB News
5.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ပန်ဇီရွာ၊ ဘဒဂါး ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများ၏ ဘိုးဘွားပိုင် လယ်ယာမြေများကို သိမ်းဆည်း၍ အနီးအနားရှိ တောင်ပေါ်မှ မြို၊ ခမီးနှင့် ဒိုင်းနက်များနှင့် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည့် မြို၊ ခမီး၊ ဒိုင်းနက် လူမျိုးများ အတွက် အိမ်များ ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အိမ်များ ဆောက်လုပ်နေသည့် လယ်ယာမြေများသည် ဒေသခံ ရိုဟင်ဂျာများ၏ ဘိုးဘွားပိုင် လယ်ယာမြေများ ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ထွန်ယက် လုပ်ကိုင်နေစဉ် ၂၀၀၈ ခုနှစ်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယာယီဟု ဆိုကာ အကြောင်းမဲ့ သိမ်းဆည်းခဲ့ပြီး၊ ယခုအချိန်ထိ မြို့နယ် အုပ်ချုပ်ရေးမှူးကို တစ်နှစ်လျှင် ငွေကျပ် သိန်း ၂၀ ပေးသွင်းကာ ထွန်ယက် လုပ်ကိုင်နေရသည့် လယ်ယာမြေများ ဖြစ်သည်။ အဆိုပါ လယ်မြေများမှာ ဦးပိုင် အမည်ပေါက် လယ်ယာမြေများ ဖြစ်နေပြီး၊ မြို့နယ် အုပ်ချုပ်ရေးနှင့် မြေစာရင်း ဦးစီးဌာနတို့က မူရင်း ပိုင်ရှင်များကို အကြောင်းမကြားဘဲ မြို၊ ခမီးနှင့် ဒိုင်းနက် လူမျိုးများအတွက် အိမ်ဆောက်ရန် လျှို့ဝှက် ညွန်ကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

မတရားသဖြင့် သိမ်းဆည်းခံရထားသည့် လယ်ယာမြေ ၉၃ ဧက ကျော်ပေါ်တွင် မြို၊ ခမီးနှင့် ဒိုင်းနက် လူမျိုးများ အတွက် အိမ်ဆောက်လုပ် ပေးမည်ဆိုပါက မူရင်းပိုင်ရှင်များနှင့် ပြဿနာ ဖြစ်ပွားလာနိုင်ဖွယ်ရှိပြီး၊ သာမာန် ပြဿနာမှ လူမျိုးရေး အသွင်ဆောင်သည့် ပြဿနာ အထိ ဖြစ်ပွားနိုင်သည်ဟု ဒေသခံများက ဆိုသည်။

သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ မူရင်းပိုင်ရှင်များက နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ လွှတ်တော် ကိုယ်စားလှယ် များမှ တဆင့် တိုင်ကြား ထားကြောင်း သိရသည်။ လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ပိုင်ရှင်များက အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားရန်၊ ဆက်လက် ကျူးကျော်ပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်ဖွယ် ရှိသဖြင့် နိုင်ငံတော်မှ တားဆီးပေးရန် တောင်းဆိုလျက် ရှိကြသည်။

လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ပိုင်ရှင်များမှာ --

(၁) ဦးမောန်ဇူအာမတ်
(၂) ဦးနူရ်အာမီးန်
(၃) ဦးနူရ်ကော်ဘိရ်
(၄) ဒေါ်ဒိလာရာဘေဂမ်
(၅) ဦးနူရူဟောက်ခ်
(၆) ဦးအာမီးရ်ဟူဆောင်း
(၇) ဦးဖော်ကုရ်အစ္စလာမ်
(၈) ဦးအာနောရ်အလီ
(၉) ဦးအာဇီဇူလ်ဟောက်ခ်
(၁၀) ဦးအာဘူလ်အာဖာ
(၁၁) ဦးအာဇီဇူလ်ဟောက်
(၁၂) ဦးအဒူလာကိမ်း
(၁၃) ဦးကာမာလ်ဟူစိန်း
(၁၄) ဦးမာမတ်ဆော်ယာဒ်
(၁၅) ဦးယာစီးန်အာရာဖတ် -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus