နောက်ဆုံးသတင်း/ဆောင်းပါးများ

ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရွာသားများထံမှ ငွေညှစ်



MYARF
RB News
4.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကံပူး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဒေသခံ ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ကံပူးကျေးရွာမှ အေနာတူလ္လာ (ဘ) ဦးလေဒူး (အသက် ၂၂ နှစ်) သည် ၎င်း၏ အိမ်ဟောင်းနွမ်း ပျက်စီးနေသဖြင့် ၎င်း၏ ခြံဝင်းအတွင်းမှ အုန်းပင်များ ခုတ်၍ အုန်းသားများဖြင့် အိမ်ကို ပြုပြင်ခဲ့သည်။ ထိုသို့ အိမ်ပြုပြင်ခြင်းနှင့် ပတ်သက်၍ ယနေ့ ဧပြီလ (၄) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလာမ်နှင့် အလယ်သံကျော် ကျေးရွာ အခြေစိုက် အထူး သတင်းတပ်ဖွဲ့ (SB) မှ ဒုရဲအုပ် အောင်ကျော်ဇင်တို့သည် အေနာတူလ္လာ၏ နေအိမ်သို့ သွားရောက်၍ အိမ်ပြုပြင်ရန် ခွင့်ယူချက် ရယူရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၃) ရက်နေ့ ည ၁၁ နာရီ အချိန်တွင်လည်း ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလာမ်၊ ဆယ်အိမ်မှူး များဖြစ်ကြသည့် ဦးဇာကဲရ်၊ ဦးအစ္စလာမ်၊ ဦးမော်တော်လောဖ်၊ ဦးဂျာဘူလ္လာ တို့သည် ကင်းသမား ၅ ဦး တို့နှင့် အတူ ကံပူး ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးဒိလ်မာမတ် (အသက် ၅၀ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဦးဒိလ်မာမတ်နှင့် ၎င်း၏ အလုပ်သမား ဂေါ်ရာခါလီ ကျေးရွာမှ အာယာတူလ္လာ (အသက် ၁၈ နှစ်) တို့ကို ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။

အလားတူ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ည ၁၂ နာရီ အချိန်တွင် ကံပူး ကျေးရွာအုပ်စု ဇုရ်ဖောဂျွာရွာမှ မော်လ၀ီ ဆော်ယာဒ်ကာလာမ် (ဘ) ဦးနူရ်မာလ်ဟာကိမ်း (အသက် ၃၀ နှစ်) ၏ နေအိမ်သို့ သွားရောက်ပြီး မော်လ၀ီ ဆော်ယာဒ်ကာလာမ်နှင့် ၎င်း၏ အိမ်သို့ အလည်အပတ် ရောက်နေသည့် ဂေါ်ရာခါလီ ကျေးရွာမှ ၎င်းနှင့် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သူများ ဖြစ်သည့် အသက် ၁၃ နှစ် အရွယ် ကလေး တစ်ဦးနှင့် အစ်မဖြစ်သူ တို့ကို ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက် ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးပြီး အမျိုးသမီး ဖြစ်သူကို ဆယ်အိမ်မှူး ဦးဇာကဲရ်၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး မော်လ၀ီ ဆော်ယာဒ်ကာလာမ်နှင့် ကလေးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်သွားပြီး ချုပ်နှောင် ထားခဲ့သည်။

ယနေ့ ဧပြီလ (၄) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက မော်လ၀ီ ဆော်ယာဒ်ကာလာမ် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း၊ ဦးဒိလ်မာမတ် ထံမှ ငွေကျပ် ငါးသောင်း အသီသီး ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့သည်။

မတ်လ (၂၅) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့် ဖြစ်သူ ဦးရှုကူရ်နှင့် အခြား လူတစ်ဦးတို့သည် ကံပူး ကျေးရွာအုပ်စု ဒိလ်ဖာရာနေ ဦးနူရ်အာလောမ် (ဘ) ဦးဂူလာမ်ရှော်ရိဖ် (အသက် ၃၀ နှစ်) ၏ နေအိမ်သို့ သွားရောက်ပြီး ဦးနူရ်အာလောမ်ကို ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု ဆိုကာ ၎င်းတွင် ရှိသည့် MPT (GSM) ဆင်းမ်ကဒ်ဖြင့် သုံးသည့် Symphony D46i ဟန်းဆက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် လာခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလောမ်က စစ်ဆေးပြီး ဆင်းမ်ကဒ်မှာ MPT က ဖြစ်သော်လည်း ဟန်းဆက်မှာ ဘင်္ဂလား ဟန်းဆက် ဖြစ်သည်ဟု ဆိုကာ ငွေတောင်းရာ ၎င်းက ငွေပေးရန် ငြင်းဆန်သဖြင့် နယ်ခြားစောင့် ရဲများ လက်သို့ အပ်နှံမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလောမ်က အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးကို ငွေပေးရန် လိုအပ်သဖြင့် ယခုကဲ့သို့ ငွေညှစ်ရခြင်း ဖြစ်သည်ဟု ငွေညှစ်ခံရသူများကို ပြောဆိုခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus