နိုင်ငံ့ချစ်စိတ် နဲ့ ကျနော် ရိုဟင်ဂျာသား
RB News
13.6.2015
ခွဲခြားဆက်ဆံ ရက်စက် ဖိနှိပ်ခံနေရပေမယ့် ကျနော့် အသွေးအသားထဲမှာ မြန်မာ့သွေးတွေ အရှိန်အဟုန်မပျက် စီးဆင်းနေပါတယ်။
ကျနော် စာရေးသူဟာ ကမ္ဘာ့အဖိနှိပ်ခံဆုံးလူသားလို့ သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာတစ်ဦးပါ။
မြန်မာအစိုးရက တစ်ချို့လူတွေရဲ့ မမှန်မကန် ဝါဒဖြန့်မှုကို အားပြုပြီး ကျနော်တို့ ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံပြီး အမျိုးမျိုး နှိပ်စက်နေတယ်။ တစ်ရွာက တစ်ရွာသို့တောင် လွတ်လပ်စွာ သွားခွင့်မပေးဘူး။ အဆင့်မြင့် ပညာရေး သင်ယူခွင့် ပိတ်ပင်ထားတယ်။ လွတ်လပ်စွာ စီးပွားရှာခွင့်မပေးဘူး။ ကုလားဆိုပြီး အရာရာမှာ နှိမ်ချဆက်ဆံတယ်။ အကြောင်းမဲ့ဖမ်းဆီး ငွေညှစ်တယ်။ တရားဥပဒေမဲ့ ထောင်ချတယ်။ သတ်ချင်တဲ့အချိန်မှာ သတ်ပစ်တယ်။ ကျနော်တို့ရဲ့ အိုးအိမ်တွေ မီးရှို့ပြီး ဒုက္ခသည်စခန်းထဲမှာ လူမဆန်စွာ နေစေတယ်။ ဘိုးဘွားတွေ အစဉ်အဆက် ပိုင်ဆိုင်လာတဲ့ ကျနော့်တို့ လယ်ယာမြေတွေကို အတင်းသိမ်းယူလိုက်ပြီး အလုပ်လက်မဲ့ ဖြစ်စေတယ်။ အစားအသောက်တွေ ပိတ်ပင်ရင်း ငတ်စေတယ်။ စတဲ့ လူမဆန်မှုပေါင်းများစွာနဲ့ ကျနော်တို့ လူနည်းစု ရိုဟင်ဂျာများကို လူသားမဆန်စွာပဲ ရက်စက်နေတယ်။ အဆိုးဆုံးက ရခိုင်ပြည်နယ်လို့ ခေါ်တဲ့ အာရ်ကာန် ဒေသမှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကတည်းက ဘိုးစဉ်ဘောင်ဆက် အခြေတကျ နေနေလာတဲ့ ကျနော်တို့ ရိုဟင်ဂျာတွေကို မနေ့တစ်နေ့ကမှ တစ်ဖက်နိုင်ငံက ခိုးဝင်လာတယ်ဆိုပြီး စွပ်စွဲရင်း နိုင်ငံသားအခွင့်အရေးမှ ဘေးဖယ်ထားတာပါပဲ။
ဒါပေမယ့် ပြောပါရစေ.......။ ဘယ်လောက်ပဲ ခွဲခြားဆက်ဆံ ခံနေပါစေ၊ ဘယ်လောက်ပဲ ရက်စက်ဖိနှိပ် ခံနေပါစေ၊ အမိနိုင်ငံကို မုန်းတီးချင်တဲ့ အတွေး ကျနော့် ဦးနှောက်ထဲမှာ ဘယ်တုန်းကမှ မဝင်ဖူးပါဘူး။ အမိနိုင်ငံအပေါ် တစ်ကြိမ်တစ်ခါမှ သံယောဇဉ် မပြတ်ခဲ့ပါဘူး။ အမိနိုင်ငံကို ဘယ်တုန်းကမှ စိတ်မကုန်ခဲ့ပါဘူး။ ဖိနှိပ်ခံနေရတဲ့ နိုင်ငံမှာ မွေးဖွားလာတဲ့ အပေါ်မှာလည်း ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ပါဘူး။ လူသားတစ်ဦးရဲ့ အခြေခံအခွင့်အရေး မှန်သမျှကို ချိုးဖောက်ခြင်း ခံနေရပေမယ့်လည်း ဒီနိုင်ငံထဲက လူသားဖြစ်နေတဲ့အပေါ်မှာလည်း ဘယ်တုန်းကမှ အားမငယ်တတ်ပါဘူး။
ထပ်ပြီး ပြောပြပါရစေ......။ ကျနော် ဖိနှိပ်ခံ ရိုဟင်ဂျာသားက မြန်မာဘောလုံးအသင်း ကန်တဲ့ပွဲတိုင်းကို မလွှတ်စတမ်း ကြည့်ရှုအားပေးတတ်တာဟာ ကျနော့် အကြောထဲမှာ အမိနိုင်ငံကို ချစ်ခင်မြတ်နိုးတဲ့ သွေးတွေ စီးဆင်းနေလို့ပါ။ ပွဲမစခင် မြန်မာအသင်း သီဆိုတဲ့ နိုင်ငံတော် သီချင်းကို ကြားရတိုင်း ကြက်သီးမွှေးတွေ ထောင်ထောင် ထသွားတတ်တာဟာ အမိနိုင်ငံတော်အပေါ် ကျနော်သစ္စာရှိတတ်လို့ပါ။ မြန်မာအသင်း ကန်တဲ့ပွဲကို ကြည့်တိုင်း ရင်ခုန်နှုန်း ခပ်မြန်မြန် ဖြစ်နေတတ်တာဟာ ကျနော့် ခန္ဓာကိုယ်ထဲမှာ အမိနိုင်ငံကို မြတ်နိုးတွယ်တာတဲ့ နှလုံးသား တစ်ခု ပါဝင်နေလို့ပါ။ မြန်မာအသင်း ဂိုးသွင်းတိုင်း စိတ်ထဲကြည်းနူးသွားပြီး ထခုန် အောင်ပွဲခံတတ်တာဟာ ကျနော့် အသိဉာဏ်ထဲက ပြင်းပြတဲ့ ဆန္ဒက အမိနိုင်ငံတော်ကို အောင်ပွဲရစေချင်လို့ပါ။ မြန်မာအသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံချိန်မှာ ကျနော့် စိတ်ထဲသို့ အပျော်တွေ ဓာတ်ကူးလာတာဟာ ကျနော် အမိနိုင်ငံတော်ရဲ့ အောင်ပွဲကို ဆာလောင်စွာ ခံစားနေတတ်လို့ပါ။ မြန်မာအသင်း အနိုင်ဂိုး သွင်းလိုက်ချိန်မှာ နာရီလက်တံတွေကို လက်နဲ့လှည့်ပေးပြီး ပွဲချိန်ကို မြန်မြန် ကုန်စေချင်တာဟာ အမိနိုင်ငံတော်ရဲ့ အောင်ပွဲ မတော်တဆ ပျက်စီးသွားမှာကို လွန်လွန်ကဲကဲ စိုးရိမ်တတ်လို့ပါ။ မြန်မာအသင်းသားတွေကို ဒဏ်ရာရအောင် ဖျက်ထုတ်တဲ့ တစ်ပါးအသင်းသားအပေါ် ဒေါသလှိုင်လှိုင် ထွက်မိတတ်တာဟာ အမိနိုင်ငံသားတွေကို အနိုင်ကျင့်တတ်တာ မခံနိုင်လွန်းလို့ပါ။ မြန်မာအသင်း ရှုံးနိမ့်တိုင်း သည်းသည်းမဲ့မဲ့ ငိုမိတာဟာ ကမ္ဘာ့အလယ်မှာ အမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာကို မကြည့်ရက်လို့ပါ။
အို .. ခွဲခြားဆက်ဆံ ဖိနှိပ်ချုပ်ချယ် ကြမ်းကြုတ်ရက်စက် ချင်နေသူတို့...... ကျနော် ရိုဟင်ဂျာသားဟာ မြန်မာနိုင်ငံမှာမွေး၊ မြန်မာမြေပေါ်မှာနေ၊ မြန်မာ့ရေကိုသောက်လာသူမို့၊ ကျနော့်အသွေးအသားထဲမှာ အမိနိုင်ငံတော်ကို မြတ်နိုးတဲ့ စိတ်ဓာတ်တွေ အပြည့်ပါဝင်နေတာမို့၊ ကျနော့် ခန္ဓာကိုယ်က အမိနိုင်ငံတော်ကို ချစ်ခင်တဲ့ နှလုံးသားတစ်ခု ပိုင်ဆိုင်နေတာမို့၊ ကျနော့် မသိစိတ်က အမိနိုင်ငံရဲ့မြေပေါ်မှာ မွေးဖွားတာကို အမြဲ ဂုဏ်ယူတတ်တာမို့၊ ကျနော့် မနော စိတ်ထဲမှာလည်း အမိနိုင်ငံတော်ကို တိုးတက်အေးချမ်းသာယာ စေချင်တဲ့ ဆန္ဒမွန်တွေ ကိန်းအောင်းနေတာမို့၊ နိုင်ငံသား ဖြစ်ခွင့်မပေးလည်းပဲ နိုင်ငံသား စိတ်ဓာတ်တွေ အလိုလိုရှိနေပြီးသားမို့ ကျနော် လူနည်းစု ရိုဟင်ဂျာသားကို သင်တို့ ဘယ်လောက်ပဲ ခွဲခြားဆက်ဆံနေပါစေ၊ ဘယ်လောက်ပဲ ရက်စက်ဖိနှိပ် ချုပ်ချယ်နေပါစေ၊ ဘယ်လိုပဲ ခိုးဝင်လာတဲ့ ဘင်္ဂလီလို့ မဟုတ်မတရား စွပ်စွဲပြောနေပါစေ ကျနော် ရိုဟင်ဂျာသားရဲ့အသွေးအသားထဲ ကိန်းအောင်းနေပြီးသား အမိနိုင်ငံတော်အပေါ်ထားတဲ့ ချစ်ခင် မြတ်နိုး တွယ်တာတဲ့ စိတ်မြတ်လေးကို သင်တို့ ဘယ်တော့မှ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ပါ။ အမိနိုင်ငံအပေါ်ထားတဲ့ ကျနော် ရိုဟင်ဂျာသားရဲ့ သစ္စာတရားကို သင်တို့ ဘယ်တော့မှ ဖြိုခွင်း လျှော့ပစ်နိုင်မှာ မဟုတ်ပါ။ အမိနိုင်ငံကို အေးချမ်းသာယာ တိုးတက် စေချင်တဲ့ ကျနော် ရိုဟင်ဂျာသားရဲ့ စိတ်ဓာတ်ကို သင်တို့ ဘယ်တော့မှ လွယ်လွယ်နဲ့ ပြောင်းနိုင်လိမ့်မယ် မဟုတ်ပါ။
ဒါကြောင့် မြန်မာမြေဖွား မြန်မာ့ရေသောက်ပြီး ကြီးပြင်းလာတဲ့ မြန်မာ့ထွက်ကုန်ပစ္စည်း မြန်မာနိုင်ငံသား လူနည်းစု ကျနော် ရိုဟင်ဂျာသားကို ကျေးဇူးပြုပြီး ခိုးဝင်ဘင်္ဂလီအဖြစ် မမှန်မကန် စွပ်စွဲ၍ နောက်ထပ် အနိုင်မကျင့်ပါနဲ့လား။ မြန်မာ့ထွက်ကုန် မြန်မာနိုင်ငံက ကျနော် ရိုဟင်ဂျာသားမှာ အဲ့လို မဟုတ်မတရား အခေါ်ခံရတာကို သည်းခံနိုင်တဲ့ ခံနိုင်ရည် မရှိလို့ပါ။ ကျနော် ရိုဟင်ဂျာသားကို မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူခွင့်ပေးပါ။