နောက်ဆုံးသတင်း/ဆောင်းပါးများ

သင်္ဘောကွေ့ ကျေးရွာ အုပ်ချုပ်ရေးနှင့် နယ်ခြားစောင့် ရဲများက ရွာသားများကို ဖမ်းဆီး ငွေညှစ်



MYARF
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၄) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ ကင်းလှည့်နေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် ၎င်း၏ တပည့်များ ဖြစ်သည့် ဦးအီဗြာဟိမ်း၊ ဦးအဒူမူနာဖ်၊ ဦးအဒူဆော်လာမ်၊ ဦးလေဒူး တို့နှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ဦးအေနာမူလ္လာ၏ နေအိမ်တွင် သောင်းကျန်းသူများ ရှိနေသည်ဟု ဆိုကာ ၀င်ရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် မည်သည့် သောင်းကျန်းသူ တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့သော်လည်း ဦးအေနာမူလ္လာကို ဖမ်းဆီး ရိုက်နှက်ကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်က စစ်ဆေးပြီး အပြစ်မရှိသောကြောင့် ငွေမညှစ်ဘဲ ဦးအေနာမူလ္လာကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ သို့သော် နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့က ဦးအေနာမူလ္လာ၏ အိမ်ကို စစ်ဆေးစဉ် အုပ်ချုပ်ရေးမှူး၏ တပည့်များက ဘီဒိုထဲမှ ငွေကျပ် တစ်သိန်း ငါးသောင်း ခိုးယူ သွားသည်ကို နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ ထွက်သွားမှသာ ဦးအေနာမူလ္လာ၏ မိသားစုဝင်များက သိရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ယင်းနေ့ညတွင်ပင် ဦးအဘူကော်ဆီဒိခ်၏ နေအိမ်သို့ နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ၀င်ရောက်ပြီး ဦးအာဘူကော်ဆီဒိခ်၏ သားများ ဖြစ်ကြသော ဇူဘိုင်ရ်နှင့် မာမတ်ဆီဒိခ် တို့ကို ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်း ခြောက်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus