နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇီးပင်ချောင်းမှ နယ်ခြားစောင့် ရဲများက ဒေသခံများထံမှ ငွေညှစ်



RB News
30.9.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကျောက်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးကာလာမျာ (ဘ) ဦးဆောမိအုလ္လာ၏ နေအိမ်သို့ စက်တင်ဘာလ (၂၂) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးရောက်ရှိလာပြီး နေအိမ်တံခါးကို ရိုက်ချိုး၍ ၀င်ရောက်ခဲ့သည်။ ထို့နောက် နေအိမ်အတွင်းရှိ အမျိုးသမီးများ၏ ခန္ဓာကိုယ် အနှံ့ ကိုင်တွယ်ရှိ ရှာဖွေပြီးနောက်၊ နေအိမ်အတွင်း ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း နေအိမ်တွင်းမှ ဘင်္ဂလားဖုန်း နှစ်လုံး ရရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ဦးကာလာမျာ၏ သားနှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး တစ်ညလုံး ရိုက်နှက် နှိပ်စက်ကာ ငွေကျပ် ၆ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုညတွင်ပင် ဦးအုမောရ်မျာ၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေပြီး ဖုန်းအားသွင်းကြိုး ရရှိသည်ဟု ဆိုကာ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

စက်တင်ဘာလ (၂၃) ရက်နေ့တွင် အဆိုပါ ဒုရဲအုပ်နှင့် အဖွဲ့သည် ကျွန်းပေါက်ပြုစုနှင့် ကျွန်းပေါက်ဆင်အိုး ကျေးရွာ ကားလမ်းတစ်လျှောက်တွင် တစ်နေကုန် သောက်စားမူးယစ်ပြီး လမ်းသွားလမ်းလာ များကို စစ်ဆေး၍ အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ ညနေ ၅ နာရီခန့် အချိန်တွင် ကျွန်းပေါက်ပြုစု ကျေးရွာမှ ဦးရှောမ်ရှုအာလာမ်နှင့် ဇီးပင်ချောင်း ကျေးရွာမှ ဦးအေမာရာန် တို့ကို မတရားသဖြင့် ရိုက်နှက်၍ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့သည်။ ၎င်းဒုရဲအုပ်နှင့် အဖွဲ့သည် ယူနီဖောင်း ၀တ်ဆင်ခြင်း၊ လက်နက် ကိုင်ဆောင်ခြင်း မရှိဘဲ၊ အရပ်သားများကဲ့သို့ ၀တ်ဆင်၍ ရွာများထဲ ၀င်ရောက်၍ သောင်းကျန်းလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

စက်တင်ဘာလ (၂၃) ရက်နေ့တွင်ပင် ဇီးပင်ချောင်း အခြေစိုက် နယ်မြေ (၄) အပိုင် စခန်း (၁၀) မှ ဒုရဲအုပ်နှင့် နယ်ခြားစောင့်ရဲ (၃) ဦးသည် ည ၁၂ နာရီကျော် အချိန်တွင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဘေတာလီ (၂) ရွာမှ ဦးအဒူဆလာမ် (ဘ) ဦးအဒူရှကူရ်၏ နေအိမ်တံခါးကို ရိုက်ချိုး၍ ၀င်ရောက်ပြီး ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဒေသခံများ၏ နေအိမ်များသို့ ၀င်ရောက်ရာတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ကျေးရွာ တာဝန်ခံ တစ်ဦးတစ်ယောက်မှ မပါဘဲ ဓါးပြတိုက်သကဲ့သို့ ၀င်ရောက် စီးနင်းပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ကာ ငွေညှစ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus