နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး တောင်းသည့်ငွေ မပေးနိုင်၍ ပြုပြင်နေသည့် ဗလီ ဖျက်ပေးရ



MYARF
RB News
30.9.2015

ဘူးသီးတောင် ။ ။ ကိုမန် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း သြဂုတ်လတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဘူးသီးတောင် မြို့သို့ လာရောက် ကြည့်ရှုစဉ် ဘူးသီးတောင် မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှီရ်အာမတ်က မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဗလီများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတသို့ တင်ပြခဲ့ရာ သမ္မတ ဦးသိန်းစိန်က မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဗလီများနှင့် အာရဘီ စာသင်ကျောင်းများကို ပြုပြင်ရန် နှုတ်ဖြင့် ခွင့်ပြုခဲ့သည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် နှုတ်ဖြင့် ခွင့်ပြုချက် ပေးခဲ့သောကြောင့် မုန်တိုင်းသင့် ဗလီများနှင့် အာရဘီ စာသင်ကျောင်း အချို့ကို ဂေါပကများ ဦးစီး၍ ပြုပြင် ပြင်ဆင်ခဲ့သည်။ 

စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် သာသနာရေး ဦးစီးဌာန ဦးစီးမှူး တို့က ဗလီဂေါပက များကို ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေတောင်းခံခဲ့သည်။ အချို့ ဂေါပကများထံမှ ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ ထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အတွင်းငှက်သေ ကျေးရွာနှင့် အလယ်ချောင်း ကျေးရွာ ဂေါပက များထံမှ ငွေကျပ် သိန်း ၁၀၀ စီ တောင်းခံသဖြင့် ၎င်းတို့က ငွေမပေးနိုင်ခဲ့ပေ။ ထို့နောက် စက်တင်ဘာလ (၂၈) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ငွေမပေးခဲ့သော ဂေါပကများကို ရုံးသို့ ဆင့်ခေါ်၍ ပြုပြင်ခဲ့သည့် ဗလီကို ပြန်လည် ဖျက်ခိုင်းရာ ဂေါပကများက “ကျွန်တော်တို့ အစ္စလာမ် ဘာသာမှာ ဆောက်လုပ်ပြီး ဗလီကို ပြန်လည် ဖျက်တာ ခွင့်မပြုတာကြောင့် ကျွန်တော်တို့ မဖျက်နိုင်ဘူး” ဟု ဖြေဆိုခဲ့သည်။ 

စက်တင်ဘာလ (၂၉) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက အလယ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်မာလ်ဟာကိမ်းအား ဖိအားပေး ခြိမ်းခြောက်ကာ ဗလီကို ဖျက်ခိုင်းသဖြင့် ၎င်းက အလုပ်သမား ငှား၍ ဗလီ ခေါင်မိုးမှ သွပ်များကို ပြန်လည် ခွာချခဲ့ရသည်။ အလယ်ချောင်း ကျေးရွာမှ ဗလီသည် မုန်တိုင်းကြောင့် လုံးဝ ပျက်စီးသွားခဲ့သည့် အတွက် ယခု ပြန်လည် ပြုပြင်ရာတွင် ခေါင်မိုးသာ ပြီးစီးခဲ့ပြီး အကာအရံများ မပြုလုပ်ရသေးကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus