နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ထံသို့ ပေးစာ
သို့
ကွပ်ကဲရေးမှူး
အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့
ကျီးကန်းပြင်၊ မောင်တောမြို့
ရက်စွဲ။ ။ ၂၀၁၅ ခုနှစ်၊ စက်တာဘာလ (၈)ရက်
အကြောင်းအရာ။ ။ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး တောင်းဆိုသောငွေ မပေးနိုင် သဖြင့် ဒုက္ခသည် တစ်ဦး မတရား ထောင်ချခံရမည့် အရေးနှင့် ကြုံတွေ့နေရခြင်းကို လိုအပ်သလို ဆောင်ရွက်ပေးပါရန် တင်ပြခြင်း။
ရိုသေလေးစားစွာဖြင့်
၁။ အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ချိန်ခါလီ ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့်ရဲ များက အကြောင်းမဲ့ ဖမ်းဆီးလိုက်ပြီး ငွေဆယ်သိန်းတောင်းဆိုနေရာ ဖမ်ဆီးခံရသော ဒုက္ခသည်ဖြစ်သူက နယ်ခြားစောင့်ရဲများ တောင်းနေသည့် ငွေကို မပေးနိုင်သဖြင့် ထောင်ချခံရမည့် အရေးနှင့် ကြုံတွေ့နေရပါသည်။
၂။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင် မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်စခန်းလက်အောက်၊ ကိုးတန်ကောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ ကင်းစခန်းမှူး ဦးခိုင်လင်းစိုးက ချိန်ခါလီ ဒုက္ခသည်စခန်းနေ (ယခင်- ရသေ့တောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ) ဦးရှော်ဖီရာမာန် (ဘ ) ဦးရော်ရှိတ်အာမတ်ကို ဘင်္ဂလာ ဆင်းမ်းကဒ်ဖြင့် ဖုန်းသုံးစွဲနေသည်ဟု အခြေအမြစ်မရှိ စွပ်စွဲ၍ ဖမ်းဆီးလိုက်ပြီး လွှတ်ပေးရေးအတွက် ငွေကျပ် ၁၀-သိန်းတောင်းနေပါသည်။ ဒုက္ခသည်ဖြစ်သူ ဦးရှော်ဖီရာမာန်သည် ကင်းစခန်းမှူး ဦးခိုင်လင်းစိုး တောင်းဆိုသော ငွေကို မပေးနိုင်သဖြင့် ၎င်းကို ကင်းစခန်းမှူး ဦးခိုင်လင်းစိုးက အင်းဒင်နယ်ခြားစောင့်ရဲစခန်းသို့ အပ်နှံလိုက်ပါသည်။ အင်းဒင်စခန်း၏ ရဲမှူးကလည်း ဖြစ်ရပ်မှန်ကို စစ်ဆေးခြင်းမရှိဘဲ ကိုးတန်ကောက် ကင်းစခန်းမှူး ဦးခိုင်လင်းစိုး၏ မဟုတ်မမှန် အစီရင်ခံခဲ့ခြင်းကို ထောက်၍ ဦးရှော်ဖီရာမာန်ထံက အလားတူ ငွေဆယ်သိန်း တောင်းဆိုနေလျက်ရှိရာ ငွေမပေးနိုင်သဖြင့် ဆက်လက်ထိန်းသိမ်းထားပါသည်။
၃။ ဖမ်းဆီးခံရသူသည် ယခင်က ရသေ့တောင်မြို့နယ် သရက်ပြင်ကျေးရွာက ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကာလတွင် ၎င်း၏အိမ် မီးရှို့ခံရပြီးနောက် ၎င်းကဲ့သို့ အိမ်မီးရှို့ခံခဲ့ရသည့် အခြားသောကျေးရွာသားများနှင့်အတူ မောင်တောမြို့နယ် တောင်ပိုင်း၊ ချိန်ခါလီကျေးရွာသို့ ပြောင်းရွှေ့လာရောက်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေသူတစ်ဦး ဖြစ်ပါသည်။ အများကြည်ညို လေးစားခံရသူ ရပ်လူကြီး တစ်ဦးဖြစ်သည်နှင့်အညီ ယခုနေထိုင်လျက်ရှိသော ဒုက္ခသည်စခန်းသို့ UN မှ အကူအညီပေးရေးအဖွဲ့များ ရောက်လာလျှင် ၎င်းက လိုက်ပါ ကူညီပေးလေ့ရှိပါသည်။ ထိုသို့ လုပ်နေခြင်းကို မနာလို၍ နယ်ခြားစောင့် ရဲများက ယခင်ကလည်း သူ့ကို အကြိမ်ကြိမ် ဖမ်းဆီးပြီး စွပ်စွဲချက်အမျိုးမျိုးဖြင့် ငွေညှစ်ခဲ့ဖူးပါသည်။
၎။ ယခုအခါ ထမင်းနှစ်နပ်ပင် နပ်မှန်အောင် မစားနိုင်ရှာသော အဆိုပါ ဒုက္ခသည်က အင်းဒင်စခန်း၏ ရဲမှူးတောင်းဆိုနေသော ၁၀ သိန်း ပမာဏသော ငွေကို မပေးနိုင်သဖြင့် အဆိုပါဒုက္ခသည်လည်း ဘင်္ဂလာဆင်းမ်ကဒ်အမှုဖြင့် ထောင်ချခံရမည့်အရေးနှင့် ကြုံနေရပါသည်။
၅။ ဘင်္ဂလာဆင်းမ်ကဒ်ဖြင့် ဖုန်းလည်း သုံးစွဲခြင်းမရှိ၊ ကင်းစခန်းမှူး ဦးခိုင်လင်းစိုးကလည်း ဘင်္ဂလာဆင်းမ်းကဒ်ဖြင့် မိ၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ ဒုက္ခသည်တစ်ဦးကို ကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာ ငွေညှစ်ရန် ကြံစည်နေသော ကိုးတန်ကောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ ကင်းစခန်းမှူး ဦးခိုင်လင်းစိုးနှင့် အင်းဒင်စခန်းမှ ရဲမှူး၏ တရားဥပဒေမဲ့ လုပ်ရပ်များကို ကွပ်ကဲရေးမှူးမှ လိုအပ်သလို စီစစ်ဆောင်ရွက်ပေးပါရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။
တင်ပြသူ
အကြောင်းစုံကို အမှန်အတိုင်းသိရှိသော မောင်တောဒေသခံတစ်ဦး