နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် ကူတောင်မှ ဗိုလ်ကြီး ပြည့်ဖြိုးအောင်က ဒေသခံများထံမှ ဆက်ကြေး သဖွယ် ငွေကောက်ခံ



MYARF
RB News
9.1.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ကူတောင် နယ်မြေရှိ ခမရ (၅၅၁) တပ်ရင်းမှ ဗိုလ်ကြီး ပြည့်ဖြိုးအောင်သည် ညောင်ပင်ကြီး (ခ) မူဇိုင် (ရိုဟင်ဂျာရွာ) အနီးရှိ စစ်တပ် စခန်းတွင် တာဝန်ခံ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ အဆိုပါ ဗိုလ်ကြီးက ရိုဟင်ဂျာများ အိမ်ပြင် ထွက်လိုပါက တစ်ဦးလျှင် နေ့စဉ် ငွေကျပ် (၅၀၀) ပေးရမည်ဟု လည်းကောင်း၊ ရွာပြင် ထွက်လိုသူများကိုမူ တစ်ဦးလျှင် နေ့စဉ် ငွေကျပ် (၃၀၀၀) ကျပ် ပေးရမည်ဟု လည်းကောင်း၊ လယ်ပိုင်ရှင်၊ ပုဇွန်တာ ရှိသူများထံမှ တစ်ဦးလျှင် လစဉ် ငွေကျပ် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း သတ်မှတ်၍ ကောက်ခံလျက် ရှိသည်။ ငွေပေးသူများကို စစ်ကြောင်း တံဆိပ်တုံး ရိုက်နှက်၍ လက်မှတ်များ ထုတ်ပေးလျက် ရှိသည်။ 

အဆိုပါ ရိုဟင်ဂျာရွာသည် ၂၀၁၂ ခုနှစ်တွင် မီးရှို့ခံခဲ့ရသည့် ရွာတစ်ရွာ ဖြစ်သည်။ WFP - ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့မှ ပေးသော စားနပ် ရိက္ခာများကိုသာ စားသုံးနေရပြီး၊ WFP မှ ပေးသည့် ရိက္ခာများမှလည်း ဗိုလ်ကြီး ပြည့်ဖြိုးအောင်က လစဉ် ဆန်အိတ် (၃၀) ခန့် ဖြတ်တောက်ယူလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ရိုဟင်ဂျာ ရွာသားများထံမှ ငွေကျပ် (၄၉) သိန်း တိတိ ကောက်ခံ၍ ရယူခဲ့သည်။ ထို့အပြင် မကြာခဏ ဆိုသလို ကြက်များကိုလည်း အတင်းအဓမ္မ ယူကြောင်း၊ အဆိုပါ ဗိုလ်ကြီးက တောင်းခံခဲ့သည့် ကြက်များ မပေးနိုင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာဘီမှာ ဗိုလ်ကြီး၏ ပါးရိုက်ခြင်းကို ခံခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 

ယခုအခါ အဆိုပါရွာမှ ရွာသားများမှာ အထူး စိုးရိမ်လျက် ရှိနေကြပြီး ရွာကို စွန့်ခွာ၍ ထွက်ပြေးရန် ကြံစည် နေကြောင်း သိရသည်။ အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး ရွာနှစ်ရွာမှ အဖက်ဖက်မှ ရခိုင်ရွာ (၂၄) ရွာ ၀န်းရံထားသည့် ရိုဟင်ဂျာ ရွာများ ဖြစ်သည်။ ယင်းရွာနှစ်ရွာမှာ တစ်ဆက်တည်း မဟုတ်ဘဲ တစ်ရွာမှ တစ်ရွာသို့ နှစ်နာရီ သွားရသည့် အကွာအဝေးတွင် တည်ရှိသည်။ ရွာနှစ်ရွာ စလုံး ၂၀၁၂ ခုနှစ်မှစ၍ ပိတ်ဆို့ ခံနေရပြီး၊ ရွာသားများမှာ အလုပ်လက်မဲ့ ဖြစ်လျက် WFP ၏ အထောက်အပံ့နှင့် ရွာထဲနှင့် ရွာအပြင်ဘက် ကပ်လျက် ရှိသော လယ်မြေများ အပေါ် မှီခိုနေရသည်။ ယခုအခါ အပြင်ထွက်၍ မရသောကြောင့် ၎င်းတို့ အဓိက အားထားရသည့် စိုက်ခင်း များသို့လည်း မသွားနိုင်တော့ သဖြင့် စိုက်ခင်းများ ဖျက်ဆီး ခံနေရသည့် အပြင် ကျွဲ၊နွား၊ဆိတ် များလည်း အစာငတ်ခံ နေရသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus