နောက်ဆုံးသတင်း/ဆောင်းပါးများ

အများပြည်သူ ဖြတ်သန်း သွားလာနေရသည့် တံတား ပျက်စီးနေသော်လည်း တာဝန်ရှိသူများမှ ပြုပြင် မပေး

(ဓါတ်ပုံ MYARF/RB News)

MYARF
RB News
7.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မောင်တော - အလယ်သံကျော် အဝေးပြေး လမ်းမပေါ် တည်ရှိသော ပန်းတောပြင် တံတားသည် အလွန် ပျက်စီး နေသော်လည်း တာဝန်ရှိ အာဏာပိုင်များမှ အဆိုပါ တံတားကို ပြုပြင် ပေးခြင်း မရှိ၍ အများပြည်သူ သွားလာရေး အလွန်အခက်အခဲ ဖြစ်နေကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ တံတားကို အင်္ဂလိပ် လက်ထက်က တည်ဆောက်ခဲ့ခြင်း ဖြစ်၍ ယခုအခါ လွန်စွာ ပျက်စီး ယိုယွင်းနေသည်။ အခင်းအဖြစ် ခင်းထားသော သစ်သားပျဉ်များ လုံးဝ ပျက်စီးနေသလို အမိုးသံတိုင်များလည်း ပျက်စီး ယိုယွင်းနေသည်။ ၀န်တင်ကားများ ဖြတ်သန်းသွားလျှင် ကြိုးတံတား သဖွယ် ယိုင်လှုပ်နေတတ်သည်။ အဆိုပါ တံတားကို လွန်ခဲ့သည့် နှစ်နှစ်ကျော်က မောင်တော ဆောက်လုပ်ရေးဌာနမှ ယာယီ ပြုပြင် ပေးခဲ့ပြီး နောက်ပိုင်း မည်သည့်အခါမှ တံတား၏ ခိုင်မာမှု အခြေအနေကို လာရောက် စစ်ဆေး ကြည့်ရှုခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နှစ်ပေါင်းများစွာ ကြာနေသော ထိုတံတားသည် မောင်တော-အလယ်သံကျော် အဝေးပြေး လမ်းမပေါ် တည်ရှိ၍ မောင်တောမြို့သို့ အသွား ကညင်တန်းကျေးရွာသို့ အဝင် တံတား ဖြစ်ပါသည်။ အဆိုပါတံတားကို ဖြတ်၍ ပြည်သူများ နေ့စဉ် မောင်တောမြို့ထဲသို့ သွားရပြီး ကျောင်းသား/သူ များလည်း ထိုတံတားကို ဖြတ်၍ ကညင်တန်း ကျေးရွာ၌ တည်ရှိသော အထက်တန်းကျောင်းသို့ သွားတက်ရသည်။ အလွန် စိုးရိမ်စရာ တစ်ခုမှာ [ပုံမှာမြင်တွေ့နေရသည့်အတိုင်း] အဆိုပါ တံတား၏ တောင်ဖက်အစွန်း အမိုး၌ ရှိသော သံတိုင် တစ်ခုသည် တစ်ဖက် လွတ်နေပြီး အချိန်မရွေး ပြုတ်ကျနိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ ထိုကဲ့သို့ ဖြစ်နေသည်မှာ လေး၊ငါးလ ခန့်နီးပါး ရှိနေသော်လည်း မည်သည့် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမှ လာရောက် စစ်ဆေးပြီး ပြုပြင်ပေးခြင်း မရှိသဖြင့် ပြည်သူများ ထိုတံတားကို ဖြတ်သန်း သွားလာရန်ပင် အလွန် ကြောက်ရွံ့နေကြောင်း ဒေသခံများက ပြောပါသည်။ 

မောင်တော - အလယ်သံကျော် သွားသည့် လမ်းလည်း အလွန်တရာမှ ပျက်စီးနေသော်လည်း အဆိုပါ လမ်းကိုလည်း တာဝန်ရှိ အာဏာပိုင်များက ပြုပြင်ပေးခြင်း မရှိဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus