နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်းနှင့် ရသေ့တောင် ကိုးတန်ကောက် တို့မှ အပြစ်မဲ့ ပြည်သူ (၆) ဦး ဖမ်းဆီးခံရ

Rohingya Eye
RB News
11.11.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ရသေ့တောင်မြို့နယ် တို့မှ အပြစ်မဲ့ ဒေသခံ ပြည်သူအချို့နှင့် ဒုက္ခသည်အချို့ကို ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အစွန်းရှိ သ၀န်ချောင်း ကျေးရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀င်ရောက်စီးနင်း၍ နေအိမ်များ အားလုံးကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်များရှိ အိမ်အသုံးအဆောင် ပစ္စည်းများကို သုံးမရတော့အောင် ဖျက်ဆီးပစ်ခဲ့သည်။ နေ့လည် ၁း၃၀ နာရီ အချိန်တွင် ဦးယူဆုပ် (ဘ) ဦးဆော်ယာဒ်အုလ္လာ (အသက် ၆၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးခဲ့သည်။

ဦးယူဆုပ်သည် လက်သမား တစ်ဦးဖြစ်ပြီး၊ တံတားများ ဆောက်လုပ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ ဆောက်လုပ်ခြင်း တို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ ၎င်းတာဝန်ယူထားသည့် လုပ်ငန်းများမှ ပိုလျှံသည့် သစ်အတိုအထွာများ၊ သံချောင်း အတိုအထွာကို ကန်ထရိုက်တာများ၊ အဆောက်အဦ ပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် နေအိမ်သို့ သယ်ဆောင်လာလေ့ရှိသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက သစ်အတိုအထွာများ၊ သံချောင်းအတိုအထွာများ ၎င်း၏ နေအိမ်တွင် တွေ့ရှိသည်ကို အကြောင်းပြ၍ ဦးယူဆုပ်နှင့် သား (၃) ဦးဖြစ်ကြသည့် ရာဟမတ်အုလ္လာ (အသက် ၂၇ နှစ်)၊ ဆယာဒူလ်အာမီးန် (အသက် ၂၃ နှစ်) နှင့် နော်ဇိအုလ္လာ (အသက် ၁၇ နှစ်) တို့ကို ဖမ်းဆီး၍ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နိုဝင်ဘာလ (၉) ရက်နေ့ နေ့လည် ၁း၃၀ နာရီအချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွားရောက်၍ ဦးမိုဟာမတ်ဟူဆောင်း (ဘ) ဦးလာလ်မျာ (အသက် ၃၈ နှစ်) ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် နေ့လည် ၂း၂၀ နာရီ အချိန်တွင် ကိုးတန်ကောက် ကျေးရွာအုပ်စု ရွာမသို့ သွားရောက်၍ ဦးအာဘူလ်ကာဆိမ် (ဘ) ဦးအဒူလ်အာဇီးဇ် (အသက် ၄၃ နှစ်) ကို ဖမ်းဆီး၍ အင်းဒင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

ကိုးတန်ကောက်ရှိ ဒေသခံ ရိုဟင်ဂျာအချို့သည်၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခ နောက်ပိုင်းတွင် တရားမ၀င် ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားခဲ့ပြီ၊ မည်သည့် အထောက်အပံ့မှ မရသည့် အပြင် မောင်တောမြို့သို့ အရေးပေါ် သွားရောက်၍ ဆေးကုသခွင့်ပင် ပိတ်ပင်ခံထားရသည်။ ဒုက္ခသည်များသည် ငါးဖမ်းခြင်း၊ ထင်းများခုတ်ခြင်း တို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြကြောင်း သိရှိရသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း၊ သ၀န်ချောင်း ကျေးရွာမှ ဖမ်းဆီးခံထားရသည့် သားအဖ (၄) ဦးနှင့် ကိုးတန်ကောက်မှ နှစ်ဦးတို့သည် အောက်တိုဘာလ (၉) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်သူများနှင့် မည်သို့မှ ဆက်နွယ်နေခြင်း မရှိသည့် အပြစ်မဲ့များ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus