နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်တေဇာ ထံသို့ အိတ်ဖွင့် ပေးစာ
သို့
ဦးကျော်တေဇာ
နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး
ငါးခူရကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေ၊ မောင်တောမြို့
ရက်စွဲ။ ။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်
အကြောင်းအရာ။ ။ မုဒိမ်းကျင့်ခံ ခဲ့ရသူများ၏ မှန်မှန်ကန်ကန် ဝန်ခံ ထွက်ဆိုချက်ကို ဘာသာပြန် လုပ်ခဲ့သူ၏ လွှဲမှားစွာ ဘာသာပြန် ခဲ့ခြင်းအပေါ် ပြန်လည် စီစစ်ပြီး ကျူးလွန် ခဲ့သူများကို ထိရောက်စွာ အရေးယူ ပေးပါရန် တင်ပြခြင်း။
လေးစားစွာဖြင့်
၁။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့၊ ည ၈း၃၀ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာမှ ဦးဆော်ယာဒ်အာလောမ်၏ ဇနီး ဒေါ် - ရှောမ်ရှိဒါ (ဘ) ဂူရာမျာ (အသက် ၂၅ နှစ်) နှင့် ဦးဆော်ယဒ်အမတ်၏ သမီးဖြစ်သူ မုဆိုးမ ဒေါ် - အာမီနာခါတူ (အသက် ၂၈ နှစ်) တို့ကို လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်း တာဝန်ခံ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၄) ဦးတို့က လူမဆန်စွာ ရိုက်နှက်၍ အကြိမ်ကြိမ် အတင်း အဓမ္မ မုဒိန်းကျင့် ခဲ့ပါသည်။ အကြိမ်ကြိမ် မုဒိန်းကျင့်သည်ကို မခံနိုင်တော့သည့် အမျိုးသမီးနှစ်ဦးက အိမ်နီးချင်းများ ထံမှ အော်ဟစ်၍ အကူအညီ တောင်းခံခဲ့သောကြောင့် အိမ်နီးချင်းများ စုဝေး ရောက်ရှိလာသဖြင့် နယ်ခြားစောင့်ရဲများ ထွက်ပြေးသွားခဲ့ပါသည်။ ရွာသားများကလည်း ဆူပူမှု ဖြစ်မည်ကို ကြောက်ရွံ၍ မုဒိမ်းကျင့်ခဲ့သည့် နယ်ခြားစောင့်ရဲ များကို လိုက်လံ ဖမ်းဆီးခြင်း မပြုလုပ်ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်လိမ်ထံ ချက်ချင်း တိုင်ကြားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် မုဒိမ်းကျင့်ခံခဲ့ရသူ အမျိုးသမီးနှစ်ဦးကို သွားရောက် စစ်ဆေးပြီး ထိုအမျိုးသမီး နှစ်ဦးတို့က အမှန်အတိုင်း ဝန်ခံ ထွက်ဆိုခဲ့သောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက မုဒိန်းကျင့်ခံရသည့် အမျိုးသမီးများနှင့် ၎င်းတို့၏ ဖခင်များကိုပါ ခေါ်ယူ၍ လူကြီးမင်းထံသို့ လာရောက် အစီရင်ခံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
၂။ လူကြီးမင်းကလည်း အဆိုပါ အမျိုးသမီးများကို ညနေစောင်း အချိန်အထိ ကိုယ်တိုင် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ သို့သော် စစ်ဆေး နေစဉ်အတွင်း ဘာသာပြန်လုပ်ခဲ့သူ စံပါယ်ကုံးကျေးရွာမှ ကြိမ်ချောင်းအလယ်ရွာသို့ ပြောင်းရွှေ့ နေထိုင်နေသူ မောင်ဆုရ် (ခ) မောင်မောင်စိုး (ဘ) ဦးအာဘုလ်အာလောမ်ချော်ဒရီ နှင့် လောင်းဒုံ ကျေးရွာအုပ်စု ကျွန်းခေါင်းရွာ ဥက္ကဋ္ဌ ဟောင်း ဦးဇာဟိတ်အာလောမ် တို့က မုဒိမ်းကျင့် ခဲ့ရသူများ၏ မှန်မှန်ကန်ကန် ဝန်ခံ ထွက်ဆိုခဲ့မှုကို လူကြီးမင်းအား လွဲမှားစွာ ဘာသာပြန်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ (၇) ရက်နေ့၌ လူကြီးမင်း ကိုယ်တိုင် မုဒိမ်းကျင့်ခံ အမျိုးသမီးတို့၏ နေအိမ်သို့ ရောက်ရှိလာ၍ တဖန် စစ်ဆေးသော အခါမှာလည်း အမျိုးသမီးများက သူတို့ ခံခဲ့ရသည့် အတိုင်း မှန်ကန်စွာ ထွက်ဆို ခဲ့သော်လည်း ဘာသာပြန် လုပ်ခဲ့သူ မောင်မောင်စိုးက ပါး သုံးချက်သာ ရိုက်နှက် ခံရသည်ဟု လိမ်လည် ဘာသာ ပြန်ခဲ့ကြောင်း သိရှိရသည်။
၃။ ဘာသာပြန် လုပ်ခဲ့သူများ ဖြစ်ကြသော မောင်မောင်စိုးနှင့် ဦးဇာဟိတ်အာလောမ် တို့သည် ငယ်စဉ်ကတည်းကပင် အရက်သေစာ အလွန်အကျွံေ သောက်တတ်သူ၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားတတ် သူများ ဖြစ်ကြပါသည်။ ထို့အပြင် လောင်းဒုံ နယ်ခြားစောင့် ရဲတပ်ဖွဲ စခန်းနှင့် ငါးခူရ စခန်းတို့တွင် ကပ်နေလျက် အောက်ခြေ အာဏာပိုင် များနှင့် ပူးပေါင်းပြီး ပြည်သူများကို အမြဲ ဒုက္ခပေး၍ ကိုယ်ကျိုး စီးပွား ရှာနေသူများ ဖြစ်ကြပါသည်။
၎။ လူကြီးမင်းသည် ဒေသခံ ပြည်သူများ အကြား နာမည်ကောင်းဖြင့် အထူး ကျော်ကြားနေသူ တစ်ဦး ဖြစ်ပါသည်။ လူကြီးမင်း၏ လက်အောက်တွင် ရှိသော တပ်ဖွဲ့ဝင် များကို ဥပဒေဘောင် အတွင်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်း ထားတတ်ပြီး အကယ်၍ တပ်ဖွဲ့ဝင်များ မတရား ကျူးလွန်လာပါက ဥပဒေနှင့် အညီ ပြင်းပြင်းထန်ထန် အရေးယူလေ့ ရှိကြောင်း လူကြီးမင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသော တောင်ပြိုဒေသမှ ဒေသခံများက ချီးကျူး ပြောဆိုနေကြသည်ကိုလည်း သိရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ အဓမ္မ မုဒိမ်းကျင့်ခံ အမျိုးသမီး များက မိမိတို့၏ အရှက်တရား၊ မိမိတို့၏ ဂုဏ်သိက္ခာ များကို မငဲ့မညှာဘဲ တရား မျှတမှုကို မျှော်လင့်၍ မိမိတို့ ခံခဲ့ရသည့် အတိုင်း ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဝန်ခံ ထွက်ဆိုခဲ့မှုကို လွဲမှားစွာ ဘာသာပြန် ပြုလုပ်ခဲ့သည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်နှစ်ဦးနှင့် လူမဆန်စွာ ရိုက်နှက်ပြီး မုဒိန်းမှုကျူးလွန် ခဲ့သည့် တပ်ဖွဲ့ဝင် လေးဦး တို့ကို တရားဥပဒေအရ ထိရောက်စွာ အရေးယူ ပေးပါရန် လူကြီးမင်းထံသို့ ဒေသခံပြည်သူများက "RB အိတ်ဖွင့် ပေးစာ ကဏ္ဍ" မှတဆင့် လေးစားစွာ အသိပေး တင်ပြ လိုက်ပါသည်။
ဒေသခံပြည်သူများ