နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှားစခန်းက ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ငွေညှစ်



MYARF
RB News
11.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၈) နယ်မြေ၊ ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းမှ နယ်ခြားစောင့် ရဲများသည် ဖေဖော်ဝါရီ (၄) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု ရွာကြီးသို့ သွားရောက်ပြီး၊ ဒေသခံ (၄) ဦးကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု သတင်း ရထားသည်ဟု ဆိုကာ ၎င်းတို့၏ နေအိမ်များကို စစ်ဆေးခဲ့သည်။ အိမ်များတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ မတွေ့ရှိခဲ့သော်လည်း သတင်း ရရှိခဲ့သည်ဟု ဆိုကာ လက်နက် အင်အားပြ၍ ငွေညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ များမှာ -- 

(၁) ဦးအာမိရ်အလီဟူစိန်း (အသက် ၆၀ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၂) ဒေါ်ဟာမီဒါ (ဦးရာမတ်အုလ္လာ၏ ဇနီး၊ မုဆိုးမ) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၃) ဦးရော်ဟိမူလ္လာ (ဘ) မော်လ၀ီ ဦးအဒူဇော်လိလ် (အသက် ၆၀ နှစ်) -- ညှစ်ခံရငွေကျပ် တစ်သိန်း
(၄) ဒေါ်ဆေတာရာ (ဘ) ဦးနိုရ်အာမတ် (အသက် ၃၀ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း -- တို့ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကျောက်ပန္ဒူ ကျေးရွာသား များက ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေကြောင်း သတင်း ရထား၍ မကြာခင် တစ်ရွာလုံးကို စီးနင်း စစ်ဆေးသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ကျောက်ပန္ဒူ ကျေးရွာရှိ အခြေားသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တစ်ခု (ချောင်းကမ်းရှိ စခန်း) ကလည်း တောင်တောင်သို့ သွားသောလမ်းတွင် စောင့်ကာ တောတောင်သို့ ထင်းခုတ်ရန် သွားသည့် ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီးပြီး တိုင်းရင်းသားများမှ အပ အခြားလူမျိုးများ တောတောင်များမှ ထင်းခုတ်ခွင့် မရှိဟု ဆို၍ ဓါးများ သိမ်းယူလေ့ ရှိသည်။ 

“ဒီတောတောင် တွေကို တိုင်းရင်းသားတွေက ပိုင်ဆိုင်တာ၊ မင်းတို့ ဘင်္ဂလီတွေ မပိုင်ဘူး” ဟုဆိုကာ တောင်တက်ခွင့် လုံးဝ ပိတ်ပင် ထားသည်။ ယခုလ အတွင်း ဒေသခံ ရိုဟင်ဂျာ (၆၀) ဦးခန့် ထံမှ ဓါးများ သိမ်းဆည်းခဲ့သည်။ ထို့ကြောင့် ထင်းခုတ် ရောင်းချခြင်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေကြသည့် မိသားစုများမှာ စားဝတ်နေရေး အတွက် အလွန်ပင် အခက်ကြုံ နေရသည်။

Comment ရေးရန်

Rohingya Exodus