နောက်ဆုံးသတင်း/ဆောင်းပါးများ

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို မဆိုင်သည့် အမှုနှင့် ဖမ်းဆီး ချုပ်နှောင်ထား



RB News
30.5.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ် ကျေးရွာမှ ဦးအာရော်ဖ်အူလ္လာ (ဘ) ဦးဇာဖောရ်ဟူဆောင်းနှင့် ဦးရာဟာမောတ်အူလ္လာ တို့ညီအစ်ကိုနှစ်ဦးသည် မေလ (၂၄) ရက်နေ့တွင် မောင်တောမြို့မှ ပြန်လာနေစဉ် ဘူးသီးတောင် မြို့နယ် အကျဉ်းထောင်ရှေ့တွင် ၎င်းတို့ စီးနင်းလာသော ကားကို ရဲများက ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ၊ WY ဆေးပြားများ တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

၎င်းတို့ ညီအစ်ကိုနှစ်ဦးအား ဖမ်းဆီးပြီး WY ဆေးပြားများ၏ ပိုင်ရှင်များ မည်သူမည်ဝါ ဖြစ်သည်ကို ရိုက်နှက် စစ်ဆေးရာ ရိုက်နှက်မှုဒဏ်ကို မခံနိုင်တော့၍ မဆိုင်သည့်သူများ၏ အမည်ကို ပြော၍ ရိုက်နှက်မှုဒဏ်မှ လွတ်မြောက်အောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရဲများက ဦးဂူရာဖူတူ (ဘ) ဦးအာဘူလ်ကာဆိမ်း ကိုလည်း ဖမ်းဆီးခဲ့သည်။

မေလ (၂၉) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ အမည်မသိ ဒုရဲအုပ် တစ်ဦးနှင့် တပ်ဖွဲ့ဝင် (၃) ဦးသည် ဖုံညိုလိပ် ကျေးရွာသို့ သွားရောက်၍ ကျေးရွာတာဝန်ခံ ဦးရော်ဖိခ်၊ ရဲသတင်းပေး လေဒူ (ခ) ဦးအဒူလ်အာမီးန်နှင့် ရာအိမ်မှူး (၄) ဦးတို့နှင့် အတူ မတာဟေရာဘေဂမ် (ဘ) ဦးအာဘူလ်ကာဆိမ်းနှင့် ဒေါ်ဟာဆီနာ (ဘ) ဦးရှုနာအလီ တို့နှစ်ဦးကို ဖမ်းဆီး၍ ဖုံညိုလိပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ အပ်နှံခဲ့သည်။ ထို့နောက် ဒေါ်ဟာဆီနာ ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း မည်သည့် အပြစ်မှ မရှိသည့် မတာဟေရာဘေဂမ် (အသက် ၁၈ နှစ်) ကို ငွေမပေးနိုင်သောကြောင့် ဘူးသီးတောင် မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

အသက် (၁၈) နှစ်သာ ရှိသေးသည့် အမျိုးသမီးငယ် မည်သည့် အပြစ်မှ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင် ထားသည့် အတွက် ကျေးရွာသူ/သား များအားလုံးက အထူး စိုးရိမ်လျက် ရှိနေကြသည်။ ကျေးရွာ တာဝန်ခံက ညီအစ်ကို နှစ်ဦး ဖမ်းဆီးခံရသည့် အမှုနှင့် ပတ်သက်၍ ဖမ်းဆီးမည့် စာရင်းတွင် ရွာသား ၅၀ ကျော် ပါဝင်နေသည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus