နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် ပေါင်းပင်ရင်းမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ငွေ ၅၂ သိန်းညှစ်

Rohingya Eye
RB News
21.3.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပေါင်းပင်ရင်း ကျေးရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ အခြေအမြစ်မရှိ လုပ်ကြံစွပ်စွဲပြီး ငွေကျပ် ၅၂ သိန်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

ရသေ့တောင်မြို့နယ် အနောက်ပိုင်း စေတီပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် မတ်လ (၁၆) ရက်နေ့တွင် ပေါင်းပင်ရင်း ကျေးရွာအုပ်စု၊ စံဒူရွာမှ ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဦးဖော်ဇော်လ်အာမတ်ကို ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဦးဖော်ဇော်လ်အာမတ်သည် ငွေကြေးတတ်နိုင်သူတစ်ဦး ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများက ၎င်းကို ပစ်မှတ်ထား၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ ၎င်းကို တရားမ၀င် အသင်းအဖွဲ့ကို ငွေကြေးထောက်ပံ့နေသည်ဟု အခြေအမြစ်မရှိ လုပ်ကြံစွပ်စွဲခဲ့သည်။ ဦးဖော်ဇော်လ်အာမတ်က မဟုတ်မှန်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုသော်လည်း နယ်ခြားစောင့်ရဲများက ဆက်လက်စွပ်စွဲ ခြိမ်းခြောက်နေသဖြင့် နောက်ဆုံးတွင် မတတ်သာ၍ ငွေကျပ် (၅၂) သိန်း ပေးပြီးနောက် မတ်လ (၁၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ပြန်လည် လွတ်မြောက် လာကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးဖော်ဇော်လ်အာမတ်သည် အေးဆေး တည်ငြိမ်စွာ လုပ်ကိုင်နေထိုင်တတ်သူ တစ်ဦးဖြစ်ပြီး၊ မတရားသဖြင့် ချုပ်နှောင်ခံရပြီး ငွေညှစ်ခံရခြင်း ဖြစ်သည့်အတွက် အထက်အာဏာပိုင်များက နယ်ခြားစောင့်ရဲများကို အရေးယူပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus