နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောတွင် ဆိုင်ကယ် ဘီးခွန် အဆမတန် တိုးမြှင့် ကောက်ခံလျက်ရှိ



Rohingya Eye
RB News
25.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တစ်ဝိုက်တွင် မော်တော်ဆိုင်ကယ် အစီး လေးထောင်ကျော်မှ တစ်သောင်း အကြားရှိနိုင်သည်။ အဆိုပါ ဆိုင်ကယ်များကို စည်ပင်သာယာရေး ဦးစီးဌာနမှ နှစ်စဉ်နှစ်တိုင်း ဘီးခွန်ဟု သတ်မှတ်၍ ငွေကောက်ခံလျက် ရှိရာ၊ ထိုသို့ ငွေကောက်ခံရန် လိုင်စင်ချပေးလျက် ရှိသည်။ အဆိုပါ လိုင်စင်ကို ၂၀၁၆ - ၂၀၁၇ ခုနှစ်အတွက် စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်ကျော်ဇော် က ရယူပြီး ၎င်း၏ ၀န်ထမ်းများက ငွေကြေး ကောက်ခံလျက် ရှိသည်။

ယခင်က ဆိုင်ကယ်တစ်စီးလျှင် ဘီးခွန်လိုင်စင်ခ ငွေတစ်သောင်းကျပ်၊ ယခုနှစ်တွင် တစ်သောင်းရှစ်ထောင်ကျပ် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထိုကဲ့သို့ ယခင်ကထက် ဘီးခွန်နှုန်းထား မြှင့်တက် လာသဖြင့် ဆိုင်ကယ်စီးသူများ အခက်ကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။

ဦးအောင်ကျော်ဇော်၏ လက်အောက်ငယ်သား တစ်ဦး ဖြစ်သူ အမှတ် (၁) ရပ်ကွက်၊ ဓါးရွာမှ ဦးခေါင်းဒူး (အသက် ၄၅ နှစ်) သည် မောင်တောမြို့၊ မြောက်ပိုင်းနှင့် တောင်ပိုင်း ကျေးရွာများမှ မြို့ထဲသို့ လာရောက်သော ရိုဟင်ဂျာများထံမှ ဘီးခွန် တောင်းခံပြီး၊ မိတ္တူမပြနိုင်ပါက မူရင်း တောင်းခံခြင်း၊ မူရင်း မပြနိုင်လျှင် ငွေကျပ် နှစ်ထောင် တောင်းခံခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ပြောပါသည်။ ထို့အပြင် ဘီးခွန် မပြနိုင်သူများကို ဆဲဆိုခြင်း၊ နှိမ့်ချ စော်ကား၍ ဆက်ဆံခြင်းများကို အများပြည်သူများ ရှေ့မှောက်တွင် နေ့စဉ် လုပ်ဆောင်လျက် ရှိသည်။ ဦးခေါင်းဒူး ဆိုသူသည် နယ်ထိန်းရဲ တစ်ဦးပမာ အနီရောင် ဆိုင်ကယ် တစ်စီးဖြင့် တစ်နေကုန် လည်ပတ်ပြီး၊ တွေ့သမျှ ရိုဟင်ဂျာများ ထံမှ ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။

ဆိုင်ကယ်သမား တစ်ဦးက “ငွေတစ်သောင်းရှစ်ထောင် ဆိုတာ အတော်လေး များနေပြီ၊ လူမိုက်ဆန်ဆန် ငွေညှစ်နေတာပါ။ ပြီးတော့ ရခိုင်တွေ ဆီက ဘီးခွန် ယူတာ မတွေ့ရဘူး၊ အနှောက်အယှက်လည်း မပေးဘူး။ အခု ရိုဟင်ဂျာတွေကိုချည်း သီးသန့် လုပ်နေတာ၊ ဒီလို ဆက်ပြီး နှောက်ယှက်နေမယ်ဆိုရင် ပြဿနာ တက်လာနိုင်တယ်။ အခုလို မတရားသဖြင့် လုပ်နေတာကို အထက် အာဏာပိုင်တွေ အနေနဲ့ စီစစ်ပြီး အရေးယူ ပေးဖို့ လိုပါမယ်” ဟု ပြောပါသည်။

ဆိုင်ကယ် ဘီးခွန်ကို ငွေကျပ်နှစ်ထောင်သာ ကောက်ခံရန် စည်ပင်သာယာရေး ဦးစီးဌာနမှ သတ်မှတ် ထားသော်လည်း ဦးအောင်ကျော်ဇော်က တစ်သောင်းရှစ်ထောင်ထိ တိုးမြှင့် ကောက်ခံနေသည်ကို အရေးယူပေးပါရန် ဒေသခံများက တောင်းဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus