နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ (၅၆၄) မှ စက်လှေသမား များထံမှ လစဉ်ကြေး ကောက်ခံလျက်ရှိ

RB News
21.8.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖေါင်တော်ပြင် ကျေးရွာတွင် စက်လှေ (၈၁) စီးရှိပြီး ခမရ (၅၆၄) မှ လစဉ် ငွေကျပ် ၆ သောင်းစီ အတင်းအဓမ္မ ဆက်ကြေးသဖွယ် ကောက်ခံနေသည်မှာ ဆယ်စုနှစ် တစ်ခုခွဲကျော်နေပြီ ဖြစ်သည်။ လစဉ်ကြေးကို ယခုအခါ တပ်ရေး ဗိုလ်ကြီးအောင်ကိုထံ ပေးသွင်းနေရသည်။


ထိုသို့ လစဉ်ကြေး ပေးရသည့်အပြင် တပ်ရင်းမိသားစုများ စီးနင်းသုံးစွဲရန် အတွက် ကျပ်သိန်း (၃၀) တန် စက်လှေတစ်စီးကိုလည်း စီစဉ်ပေးထားရသည်။ စီစဉ်ပေးထားသည့်ကြားမှ စက်လှေတစ်စီးစီကို တစ်ပတ်တိတိ အလှည့်ကျ ချောဆွဲ၍ အသုံးပြုလျက် ရှိသည်။ စက်လှေသမားများမှာ မိမိတို့၏ အိမ်တွင် ကိုယ့်ထမင်းကိုယ်စား၍ တပ်ရင်း၌ ကျွန်ခံနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ခရီးသည်တင် စက်လှေများကိုလည်း တပ်ရင်းလှေဆိပ်၌ ဗိုလ်ကြီးလာမယ်၊ ဗိုလ်မှူးလာမယ်ဟု ဆိုကာ ခရီးသည်များကို အချိန်အတော်ကြာ စောင့်ဆိုင်းခိုင်းခြင်းများကို စာနာစိတ်ကင်းမဲ့စွာ ပြုလုပ်သည်ဟု ဒေသခံများက ဆိုသည်။ တပ်ရင်း မိသားစုများက စက်လှေစီးလျှင် စီးခ တစ်စုံတစ်ရာ ပေးခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဖွယ် စီးနင်းခြင်း ပြုသည်။ ထို့အပြင် ရိုဟင်ဂျာခရီးသည် များကိုလည်း ၎င်းတို့အနားထိုင်မိလျှင် မကြိုက်မနှစ်သက်သည်ကို ပေါ်ပေါ်တင်တင် ပြသသောကြောင့် ၎င်းတို့ စက်လှေပေါ်တက်လာလျှင် နေရာဖယ်ပေးရသည်ဟု ဆိုသည်။ လူမျိုးရေး ခွဲခြားခြင်း၊ လူဖြူ လူမည်း ခွဲခြားခြင်း ပုံစံမျိုးဆောင်သည်ဟု ဒေသခံများက ပြောပါသည်။ 

တပ်ရင်း မိသားစုများက စက်လှေသမားများကို ရေသန့်ဗူးကြီးများ၊ လယ်ဂျာစာအုပ်များ၊ တံမြက်စည်းများ စသည့် ပစ္စည်းများ ၀ယ်ခိုင်းပြီး မည်သည့်အခါမှ ငွေကြေး ပြန်ပေးခြင်း မရှိဟု ဆိုသည်။ 

တပ်ရင်း မိသားစုများ၏ ပြုမူမှုများ၊ တပ်ရင်းမှ လစဉ်ကြေး ကောက်ခံမှုများကို စက်လှေပိုင်ရှင်များက စကခ (၁၅) မှူး အထိ နှစ်စဉ် တိုင်ကြားခဲ့သော်လည်း အရေးယူ ဟန့်တားပေးခြင်း မရှိကြောင်း၊ ယခုအခါ စစ်တပ် အုပ်စိုးသည့် အစိုးရ မဟုတ်တော့ဘဲ ပြည်သူများ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရတက်လာပြီ ဖြစ်သောကြောင့် လိုအပ်သလို အရေးယူ၍ ဟန့်တားပေးပါရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

စက်လှေပိုင်ရှင်များမှာ ခြင်းသမား ကျေးရွာအုပ်စု၊ ခြင်းသမားကျေးရွာမှ ဦးအလီမျာ (ဘ) ဦးအာဘူလူဆောင်း အပါအ၀င် (၇) ဦးဖြစ်သည်။ 


Comment ရေးရန်

Rohingya Exodus