နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်းတွင် လက်နက်ကိုင် အဖွဲ့များ ပုန်းအောင်းနေဟု မျက်မြင်သက်သေများကပြော

Rohingya Eye
RB News
29.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ န.တ.လ ကျေးရွာများတွင် ရခိုင်လက်နက်ကိုင် အဖွဲ့များ ပုန်းအောင်းနေကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း၊ တပ်ဦးချောင်း (ယခင် ဘဂုံးနား) မှ ဒေသခံ ရိုဟင်ဂျာ လူငယ် (၈) ဦးသည် စက်တင်ဘာလ (၂၆) ရက်နေ့ နံနက် အာရုဏ်တက်အချိန်တွင် ကျေးရွာ၏ အရှေ့ဘက်တောင်တန်းသို့ သွားရောက်၍ ထင်းခုတ်ခဲ့သည်။ ထင်းခုတ်ပြီးနောက် ပြန်လာရန် ပြင်ဆင်နေစဉ် တောင်ပေါ်သို့ တက်လာနေသည့် လူအုပ်စုတစ်စုကို တွေ့ရှိပြီး ကြောက်ရွံ၍ ပုန်းအောင်းနေခဲ့ရသည်။ 

တောင်ပေါ်သို့ တက်လာနေသည့် လူအုပ်စုတွင် (၇၀) ဦးကျော်ပါဝင်ပြီး၊ အရပ်ဝတ်များဖြင့် လက်နက်များ ကိုယ်စီကိုင်ဆောင်ထားကြပြီး၊ အချင်းချင်း ရခိုင်စကား ပြောဆိုနေကြောင်း မျက်မြင်သက်သေ လူငယ်တစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ ယင်းနေ့တွင်ပင် ဂေါ်ဒူသာရ ကျေးရွာ၏ အရှေ့ဘက်တောင်တန်း၌ ရိုဟင်ဂျာ နွားကျောင်းသား (၃) ဦးနှင့် အရပ်ဝတ် ၀တ်ဆင်ထားသော လူ (၂၀) ဦးခန့်ပါ ရခိုင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ နွားကျောင်းသားများက ကြောက်ရွံ၍ ထွက်ပြေးခဲ့သည်။ 

အဆိုပါ လက်နက်ကိုင် အုပ်စုများသည် ညပိုင်းတွင် ဗောဒိကုန်းရွာ၊ ရွှေဗဟိုရွာ၊ ခန်းချောင်းရွာ၊ ကိုင်းကြီးရွာ စသော န.တ.လ ရွာများတွင် ပုန်းအောင်းကာ နေ့ပိုင်း၌ တောင်တန်းများသို့ သွားရောက်၍ ပုန်းအောင်း နေသည်ဟု န.တ.လ ရွာများအတွင်း ၀င်ထွက် သွားလာနေသူများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ရခိုင်လက်နက်ကိုင် အဖွဲ့များ ပြန်လည် လှုပ်ရှားလာသည်ကို တွေ့နေရသည့် အတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလာမည်ကို န.တ.လ ရွာများအနီး နေထိုင်သည့် ဒေသခံ ရိုဟင်ဂျာများက စိုးရိမ်လျက် ရှိနေကြသည်။ 




Comment ရေးရန်

Rohingya Exodus