မောင်တော ရှီလ်ခါလီ အုပ်ချုပ်ရေးမှူးက ရွာသားများထံမှ ငွေညှစ်
Rohingya Eye
RB News
30.9.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ရှီလ်ခါလီ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရွာသား (၆) ဦးကို ဧည့်စာရင်းမတိုင်ပဲ ဧည့်သည်များ နေအိမ်များတွင် ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာလ (၂၀) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ရှီလ်ခါလီ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဗ်ဒူလ္လာသည် လူအင်အားဖြင့် ရွာသားအချို့၏ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ ဧည့်စာရင်းတိုင်ကြားခြင်း မရှိဘဲ ဧည့်သည်များ ထားရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ နေအိမ်များတွင် ဧည့်သည်များ မတွေ့ရှိခဲ့သော်လည်း ရာထူးအာဏာကို အလွဲသုံးစား ပြုလုပ်၍ လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဦးအဒူဟာမိတ် (ဘ) ဦးဘာဆာမျာ (အသက် ၅၀ နှစ်) - ညှစ်ခံရငွေကျပ် (၃) သိန်း
(၂) ဦးဂျာမာလ် (ဘ) ဦးအီဆုပ် (အသက် ၄၅ နှစ်) - ညှစ်ခံရငွေကျပ် (၁) သိန်းခွဲ
(၃) ဦးနော်ဘီဟူဆောင်း (ဘ) ဦးလာလာမျာ (အသက် ၅၂ နှစ်) - ညှစ်ခံရငွေကျပ် (၁) သိန်းခွဲ
(၄) ဦးခေါ်လီမူလ္လာ (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၅၅ နှစ်) - ညှစ်ခံရငွေကျပ် (၁) သိန်းခွဲ
(၅) ဦးကာမာလ် (ဘ) ဦးဆီဒိတ် (အသက် ၄၂ နှစ်) - ညှစ်ခံရငွေကျပ် (၁) သိန်းခွဲ
(၆) ဒေါ်မူဘီနာ (ဘ) ဦးလာလ်မောသ် (အသက် ၄၂ နှစ်) - ညှစ်ခံရငွေကျပ် (၃) သိန်း -- တို့ဖြစ်သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရွာသားများအား မညှာမတာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများကို မကြာခဏ ပြုလုပ်လျက် ရှိနေသောကြောင့် အထက်အာဏာပိုင်များက အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် ဒေသခံရွာသားများက တောင်းဆိုသည်ဟု ပြောပါသည်။