မောင်တော အုပ်ချုပ်ရေးမှူးက ကုရ်ဘာနီ သားကောင်များ အတွက် ငွေကောက်ခံခဲ့
Rohingya Eye
RB News
15.9.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် စက်တင်ဘာလ (၈) ရက်နေ့တွင် နှုတ်အမိန့်ဖြင့် ကုရ်ဘာနီ သားကောင်များကို ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း အတွင်း လုပ်ခွင့် ပိတ်ပင်ခဲ့သော်လည်း အဆိုပါ အမိန့်ကို ဒေသခံ ရိုဟင်ဂျာများက လက်မခံသဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့တွင် သားကောင် တစ်ကောင်လျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံရန် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ညွန်ကြားခဲ့သည်။ အုပ်ချုပ်ရေးမှူး များကလည်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်ကြောင့် အချို့ရပ်ကွက်များတွင် ကောက်ခံခိုင်းသည်ထက် ပိုမို၍ ကောက်ခံခဲ့သည်။
(၁) အမှတ် (၂)၊ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး များက သားကောင် တစ်ကောင်လျှင် ငွေကျပ် (၃) ထောင်စီ ကောက်ခံခဲ့ပြီး၊ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ငွေကျပ် (၄) ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
(၂) အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းရွေက ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ပြီး၊ အီးဒ်နေ့ စက်တင်ဘာလ (၁၃) ရက်နေ့တွင်လည်း နေအိမ်များတွင် ကုရ်ဘာနီ လုပ်သည်ဟု ဆိုကာ ငွေကျပ် ၅ ထောင်စီ ထပ်မံ၍ ကောက်ခံခဲ့သည်။
(၃) အင်းဒင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းချေက သားကောင် တစ်ကောင်လျှင် ငွေကျပ် (၇) ထောင်စီ ကောက်ခံခဲ့ပြီး၊ အီးဒ်နေ့တွင်လည်း ၎င်းအတွက်ဟု ဆိုကာ အမဲသား ၆၀ ကျပ်သားစီ ကောက်ခံခဲ့သည်။
(၄) သ၀န်းချောင်း အုပ်ချုပ်ရေးမှူး ဦးဆော်လိမ်က သားကောင်တစ်ကောင်လျှင် ငွေကျပ် တစ်သောင်းစီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ရပ်ရွာ လူကြီးတစ်ဦးက “ကုရ်ဘာနီက ဘာသာရေးအရ လုပ်တာပါ။ ဘာသာရေးပွဲမှာ ဒီလို ဆက်ကြေးတွေ ကောက်ခံနေတာ အလွန်ရှက်ဖို့ ကောင်းတယ်။ အချို့နေရာတွေမှာ စစ်ဆေးရေး အဖွဲ့ လာမယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ ကုရ်ဘာနီကို မနက် ၁၁ နာရီကျော်မှ လုပ်ရတယ်။ ဘာသာရေး လွတ်လပ်ခွင့် ဆိုတာ ဒါမျိုးလား၊ ဒီနှစ်မှာ ဒီလောက် ကန့်သတ် နေရင် နောက်နှစ်တွေမှာ ဘယ်လို လုပ်ဦးမလဲ ဆိုတာ မပြောတတ်ဘူး။ အာဏာရှင် အစိုးရ လက်ထက်မှာ လွတ်လွတ်လပ်လပ် ကုရ်ဘာနီ လုပ်ခွင့် ပေးခဲ့ပေမယ့် အခု ဒီမိုကရေစီ အစိုးရ လက်ထက်မှာ အဟန့်အတားတွေ လုပ်နေတာ တကယ့်ကို အံ့သြစရာပဲ” ဟု ပြောပါသည်။