နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ၃ မိုင်မှ ဗိုလ်ကြီးနှင့် အဖွဲ့ ဈေးကောက် တစ်ဦးကို အကြောင်းမဲ့ ၀ိုင်းဝန်း ရိုက်နှက် ဖမ်းဆီး

MYARF

RB News
15.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် (၃) မိုင် အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးအပါအ၀င် တပ်ဖွဲ့ဝင် (၇) ဦးတို့သည် သားသတ်လိုင်စင်စီ ကောက်ခံနေသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၁၂) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်ခန့်တွင် သီဟိုဠ်ကျွန်း ကျေးရွာ (ယခင် ဘက္ကားကုံးနား) ၌ အီးဒ်နေ့အကြို ရောင်းဝယ်နေသော ကုရ်ဘာနီ သားကောင်များမှ ဈေးကောက် ကောက်ခံနေသည့် ယင်းကျေးရွာမှ ဦးအာဇိတ် (ဘ) ဦးဂျာန်းဂျို အား အထက်ဖော်ပြပါ စစ်တပ်စခန်းမှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦး အပါအ၀င် စစ်သား (၇) ဦးတို့က တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ထိုးကြိတ် ရိုက်နှက်ခဲ့ရာ ရိုက်နှက်ခံရသူ ဦးအာဇိတ်က မခံနိုင်တော့သည့် အဆုံး ထွက်ပြေးရန် ကြိုးစားခဲ့သည်။ စစ်သားနှစ်ဦးက လက်နှစ်ဖက်ကို ကိုင်ထားပြီး ကျန်သည့် စစ်သားများက ကန်ကျောက်ခဲ့သည်။ ဈေးတွင် စည်ကားနေသည့် အချိန်ဖြစ်၍ ဈေးသည်များနှင့် ဈေးဝယ်သူများက မနီးမဝေးမှ ကြည့်နေစဉ် ဗိုလ်ကြီးအဆင့် ရှိသူက   “ မောင်တော တစ်မြို့လုံးမှာ ငါ့ကို ဟန့်တားနိုင်တဲ့ လူဆိုတာ မရှိဘူး မှတ်ထား” ဟု အော်ဟစ် ခြိမ်းခြောက်၍ အချိန်အနည်းငယ် အကြာတွင် ဦးအာဇိတ်ကို လက်ထိပ်ခတ်၍ စစ်တပ် စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင် သက်သေများက RB News သို့ပြောသည်။ 

ဦးအာဇိတ်သည် ယင်းကျေးရွာ အတွက် မြို့နယ် သားသတ်လိုင်စင်စီ၏ တရားဝင် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။ ၎င်းသည် စည်ပင်သာယာရေး အဖွဲ့၏ စံနှုန်းနှင့် အညီ စည်းကြပ် သတ်မှတ်ထားသည့် ဈေးနှုန်း အတိုင်းသာ ဈေးကောက် ကောက်ခံခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ကြီးနှင့် အဖွဲ့က ၎င်းကို မတရားသဖြင့် ထိုးကြိတ် ရိုက်နှက်ခြင်း၊ ရိုက်နှက်နေခြင်းကို အဝေးမှ ကြည့်နေသည့် လူအုပ်ကို ဗိုလ်ကြီးနှင့် အဖွဲ့က ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ လူမျိုးရေး ဘာသာရေးအရ စော်ကား၍ ပြောဆိုခြင်းများ ပြုလုပ်ခြင်းသည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် တမင် ရည်ရွယ်၍ ကြံစည် ပြုလုပ်ခဲ့ခြင်းသည် ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

အဆိုပါ ဗိုလ်ကြီးသည် လွန်ခဲ့သည့် မေလတွင် သီဟိုဠ်ကျွန်း တောင်ရွာမှ မော်လ၀ီ ဆွေယောဒ်နူရ် (ဘ) ဦးမူဇဲရ် မတရားသဖြင့် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သိရှိရသည်။ သြဂုတ်လတွင်လည်း ဟာဘီရွာမှ ဦးမူဆာအလီကို ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့တွင် ငွေကျပ် (၇) သန်းညှစ်၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 



Comment ရေးရန်

Rohingya Exodus