နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြက်ရိုးပြင်၊ လူပန်းပြင် ကျေးရွာမှ ရိုဟင်ဂျာ အမျိုးသမီး (၃) ဦးကို စစ်သားများက မုဒိမ်းကျင့်၊ အမျိုးသား ၅၀ ဦးခန့် ဖမ်းဆီး

MYARF

RB News
18.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ဦးရှည်ကျ ကျေးရွာများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းရာတွင် ကြက်ရိုးပြင်ကျေးရွာ အုပ်စု လူပန်းပြင်ရွာမှ အမျိုးသမီး ၃ ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်ပြီး အပြစ်မဲ့ အမျိုးသား ၅၀ ဦးခန့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ 

နိုဝင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၅ နာရီခွဲမှစ၍ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ဦးရှည်ကျ ကျေးရွာများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲတို့က ရွာကို ဝိုင်း၍ ရွာထဲ ဝင်ရောက်စီးနင်း ခဲ့ကြောင်း၊ ညနေမိုးချုပ်သည်အထိ အဆိုပါ စစ်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပြန်သွားခြင်း မရှိသေးကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု ပြောနေသော အဖွဲ့သည် ကြက်ရိုးပြင်ကျေးရွာအုပ်စု လူပန်းပြင်ရွာကို စီးနင်းဝင်ရောက် စစ်ဆေးချိန် အမျိုးသားများ မတွေ့သော နေအိမ်တစ်ချို့တွင် အမျိုးသမီး များကို အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့ကြောင်း ထွက်ပြေး တိမ်းရှောင်လာခဲ့သူများက ပြောပါသည်။

"သူတို့ အိမ်တွေထဲဝင်စစ်ရမယ် ဆိုပြီးတော့ အိမ်ထဲဝင်လာတယ်။ အမျိုးသားတွေကို မတွေ့တာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ကြတယ်။ ကျနော် သိရသလောက်က ကျနော့် အိမ်နားက အမျိုးသမီး သုံးဦးကို အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့တယ်။ အမျိုးသမီးတွေ အော်ဟစ် အကူအညီတောင်းတာ အနီးအနား အိမ်သားတွေက အကုန်ကြားခဲ့တယ်။" ဆိုပြီး ရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ တစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ နယ်မြေရှင်းလင်းရေး အဖွဲ့သည် ကြက်ရိုးပြင်ကျေးရွာမှ အမျိုးသား ၅၀ ဦးခန့်၊ ဦးရှည့်ကျကျေးရွာမှ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်လာသူ နောက်တစ်ဦးကလည်း "သူတို့က တွေ့သမျှ အမျိုးသားတွေ့ကို လိုက်ဖမ်းတယ်။ အဲ့တော့ ကျနော်တို့ ထွက်ပြေးလာရတယ်။ ထွက်ပြေးလာတုန်း ဖမ်းခံရတာလည်း ရှိတယ်။ ရွာထဲမှာ အေးအေးဆေးဆေး နေဖို့ပြောပြီးတော့ လာပြီးတာနဲ့ ဖမ်းတာပဲ။ အခု ဒီကလူတွေ ဒီနိုင်ငံက ထွက်ပြေးသွားမှပဲ အဆင်ပြေမှာ။ မဟုတ်ရင် တစ်နေ့မဟုတ် တစ်နေ့ သူတို့ဖမ်းဆီးတာ ခံရမှာပဲ။ " ဆိုပြီး ၎င်းတို့ခံစားနေရသည့် အခြေအနေကို ပြောပြသည်။

မောင်တောအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေသူ တစ်ဦးက "သူတို့ နယ်မြေရှင်းလင်းရေး အဖွဲ့လာရင် တွေ့သမျှ အမျိုးသားတွေကို ဖမ်းတတ်တာပဲ။ ဖမ်းတာနဲ့ နိုင်ငံပိုင်သတင်းဌာနတွေက အကြမ်းဖက်သမား တံဆိပ်ခတ်ပြီး သတင်းရေးတယ်။ အဲ့ဒီတော့ အပြစ်မဲ့ လူတွေကလည်း စစ်သားနဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ မြင်ရင် ထွက်ပြေးတိမ်းရှောင်နေရတာပဲ။ အဲ့လို ထွက်ပြေးတိမ်းရှောင်နေရတော့ ဆိုးကျိုးက စစ်သားတွေက အမျိုးသမီးတွေကို လွတ်လွတ်လပ်လပ် မုဒိမ်းကျင့်နိုင်တယ်။ အခုဆို မောင်တော မြောက်ပိုင်းမှာ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီး စာရင်းက ကျနော်တို့မှာ ရာကျော်နေပြီ။ လူတွေမှာလည်း မုဒိမ်းကျင့်တဲ့ ကိစ္စပြောရတာတောင် ရိုးနေပါတယ်။" ဟု ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့မှစ၍ မောင်တောမြို့နယ်တွင် အပြစ်မဲ့ ရိုဟင်ဂျာပေါင်း မြောက်များစွာ ဥပဒေမဲ့ အသတ်ခံရပြီး အမျိုးသမီး တစ်ရာကျော် မုဒိမ်းကျင့်ရပါသည်။ အပြစ်မဲ့ပြည်သူပေါင်း မြောက်များစွာလည်း မတရား ဖမ်းဆီးခံခဲ့ရပါသည်။

ယခုအခါ မောင်တောမြောက်ပိုင်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးရန် ကြိုးစားလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများလည်း အများအပြား ရှိနေကြောင်း စုံစမ်း သိရှိရသည်။


Comment ရေးရန်

Rohingya Exodus