နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျားခေါင်းတောင်၊ မြောတောင်နှင့် ဖားဝပ်ချောင်း ကျေးရွာများသို့ စစ်သားများနှင့် ရခိုင်များ ၀င်ရောက် လုယက်၊ ဖျက်ဆီး၊ လိင်အကြမ်းဖက်

MYARF
RB News
1.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင်၊ မြောတောင် ကျေးရွာများသို့ စစ်သားများ ၀င်ရောက်၍ လိင်အကြမ်းဖက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် ဖားဝပ်ချောင်းမှ ကျွဲ၊ နွားများ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စစ်သား ၉၈ ဦးနှင့် ရေမျက်တောင် ရခိုင်ရွာမှ ရခိုင်လူငယ် ၂၀ ဦးခန့်တို့သည့် ရေမျက်တောင်ရွာမှ ချောင်းကူး၍ ကျားခေါင်းတောင် ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသမီးများကို အိမ်ပြင်ထွက်ခိုင်း၍ အ၀တ်အစားများ ချွတ်စေကာ စစ်ဆေး၍ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ လုယက်ခဲ့သည့် အပြင် အမျိုးသမီးများကို မဖွယ်မရာ ပြုမှု ဆက်ဆံခဲ့သည်။ ထို့နောက် အိမ်များထဲသို့ ၀င်ရောက်၍ အဖိုးတန်ပစ္စည်းများ လုယက်ခြင်း၊ ဆန်များအပါအ၀င် အစားအသောက် များကို ရေကန်ထဲသို့ ပစ်ချခြင်း၊ လယ်ကွင်းများတွင် ဖြန့်ကျဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထို့အပြင် ဆိုင်ကယ်နှစ်စီးနှင့် စက်ဘီး ၅ စီးတို့ကို လုယက် ယူဆောင်သွားသည့် အပြင်၊ နောက်ဆိုင်ကယ် ၄ စီးနှင့် စက်ဘီး ၇ စီးကို ဖျက်ဆီးခဲ့သည်။ ဆိုင်ခန်း (၅)ခန်းမှလည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အမျိုးသမီး အချို့ကို ရိုက်နှက်၍ အကြမ်းဖက်သမားတွေ ဘယ်မှာလဲ ပြပေးဟု ဆိုကာ နှိပ်စက်ခဲ့သည်။ 

ညနေ ၅ နာရီခန့် အချိန်တွင် ပွင့်ဖြူချောင်း ကျေးရွာကို ဖြတ်သန်း၍ မြောတောင် ကျေးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို အိမ်အပြင်ဖက်သို့ အတင်းထွက်ခိုင်းပြီး ရခိုင်လူငယ်များကို အိမ်များထဲသို့ ၀င်စေကာ ပစ္စည်းများ လုယက်၊ ဖျက်ဆီးခိုင်းခဲ့သည်။ စစ်သားများသည် အမျိုးသမီးများကို မဖွယ်မရာ ဆက်ဆံ စစ်ဆေး၍ လက်ဝတ်ရတနာများနှင့် ငွေသားများ လုယက်ခဲ့သည်။ 

ညနေ ၄ နာရီ အချိန်တွင် ဖားဝပ်ချောင်း ရခိုင်ရွာမှ စစ်သား ၅၀ ဦးနှင့် ရခိုင်လူငယ် ၅၀ ဦးခန့်သည် ဖားဝပ်ချောင်း ကျေးရွာအုပ်စု အောက်ရွာသို့ ၀င်ရောက်လာကာ စစ်သားများက လုံခြုံရေးပေးထားပြီး၊ ရခိုင်လူငယ်များကို လယ်ကွင်းနှင့် ပုဇွန်ကန်ရှိ စားကျက်နေရာသို့ ဆင်းစေပြီး ကျွဲ၊ နွား အကောင် ၅၀ ခန့်ကို လုယူသွားခိုင်းခဲ့သည်။ ရခိုင်လူငယ်များသည် ကျွဲ၊ နွားများဖြင့် ရခိုင်ရွာသို့ ၀င်သွားသည် အထိ စစ်သားများက လုံခြုံရေး ပေးခဲ့သည်။ 

အဆိုပါ စစ်သားများသည် ညနေ ၅ နာရီခွဲခန့် အချိန်တွင် လှေငယ်များဖြင့် ချောင်းကူး၍ မြောတောင် ကျေးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို အိမ်အပြင်ထွက်ခိုင်းပြီး စစ်ဆေးကာ လုယက်ခြင်း၊ အိမ်ထဲသို့ ၀င်ရောက်၍ ပစ္စည်းများ လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ 

နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင်လည်း စစ်သား ၇၃ ဦးသည် ဦးရှည်ကျ ကျေးရွာအတွင်းသို့ ၀င်ရောက်၍ နွားထီး ငါးကောင်ကို ဖမ်း၍ လုယက်သွားခဲ့သည်။ 


Comment ရေးရန်

Rohingya Exodus