နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးစားကြူး လိပ်အိုင် အနောက်ရွာသို့ စစ်သားများ ၀င်ရောက်၍ အကြမ်းဖက် ဖျက်ဆီး လုယက်မှုများ ပြုလုပ်




MYARF
RB News
15.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စု လိပ်အိုင်ရွာသို့ စစ်သားများ ၀င်ရောက်၍ ရွာသားများကို အကြမ်းဖက်ခြင်း၊ ဆိုင်ခန်းများ ဖျက်ဆီး၍ လုယက်ခြင်းများ၊ အပြစ်မဲ့ရွာသားများကို ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် ရွာသားအများအပြား နေအိမ်စွန့်ခွာ ခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား အင်အား ၂၀၀ ခန့်သည် မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စု လိပ်အိုင် (နိယာရ်ဘိလ်) အနောက်ရွာကို ၀ိုင်း၍ ပိတ်ဆို့ပြီး၊ အရံမီးသတ်တပ်ဖွဲ့ ၀တ်စုံ နှစ်စုံယူလာပြီး၊ ပုဇွန်ကန်အနီးမှ ကောက်ရသည့် အကြမ်းဖက်သမားများ၏ ၀တ်စုံဟု လုပ်ကြံ ဖန်တီး၍ နံနက် ၁၁ နာရီခန့်မှ စ၍ နေအိမ်များထဲသို့ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို တစ်နေရာတွင် စုထားပြီး ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

နံနက်ပိုင်းတွင် အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီးခဲ့ပြီး၊ နေ့လည်ပိုင်းတွင် နောက်ထပ် (၃) ဦးကို ဖမ်းဆီးခဲ့သည်။ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့သူများကို ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

စစ်သားများသည် ဆိုင်ခန်းများကို ဖျက်ဆီးခြင်း၊ ဆိုင်အတွင်းမှ ပစ္စည်းများ လုယက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ရွာသားများကို ညှဉ်းပန်းနှိပ်စက်နေသည့် ဒဏ်ကို မခံနိုင်တော့၍ ရွာသားများသည် ငါးစားကြူး ရွာမဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

စစ်သားများသည် ရွာမနှင့် လိပ်အိုင်ရွာ ကြားရှိ ဘာသာရေးကျောင်းတွင် စခန်းချထားခဲ့ပြီး၊ ရွာအတွင်း အမျိုးသမီး အချို့သာ ရှိနေခဲ့ကြောင်း၊ အမျိုးသား အများစုမှာ ရွာမှ ထွက်ပြေး သွားခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။



Comment ရေးရန်

Rohingya Exodus