နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများက ငွေညှစ်ခြင်း လုပ်ငန်းများ ပြန်လည် စတင်

Rohingya Eye
RB News
10.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲ များက ငွေညှစ်ခြင်း လုပ်ငန်းကို ပြန်လည် စတင်နေကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ရဲကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ ရဲကင်းစခန်းများကို ယာယီ ရုပ်သိမ်းခဲ့ပြီး၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ စတင်၍ ကင်းစခန်းများတွင် နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၉) ရက်နေ့ ည (၇) နာရီ အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကျေးရွာအတွင်းသို့ ၀င်ရောက်ပြီး နေအိမ်၏ ရှေ့မျက်နှာစာတွင် ထိုင်စကားပြောနေသူ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူနှစ်ဦးမှာ --

(၁) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးဆုလ်တာန် (အသက် ၃၄ နှစ်)
(၂) မော်လ၀ီ ဦးအီနုစ် (ဘ) ဦးဆော်ဒူ (အသက် ၃၂ နှစ်) တို့ဖြစ်သည်။

ဦးဇာဟိတ်ဟူစိန်း ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ပြီး၊ မော်လ၀ီ ဦးအီနုစ်ထံမှ ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဦးအီနုစ်သည် မြောတောင် ကျေးရွာမှ ဖြစ်ပြီး ကျောက်ပြင်ဆိပ် ကျေးရွာရှိ ဆွေမျိုးများထံသို့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် လိုအပ်သည့် တရားဝင် ရွာထွက်လက်မှတ်ဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။

နယ်ခြားစောင့်ရဲများသည် အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှု မတိုင်ခင်ထိ နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက်ခြင်းများ ကျူးလွန်ခဲ့ပြီး၊ ယခုအခါ ၎င်းတို့၏ ပုံမှန် ညှဉ်းပန်းနှိပ်စက် ငွေညှစ်ခြင်းများ တစ်ဖန် ပြန်လည် စတင်လာခြင်း ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus