နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို၊ ကျွန်းပေါက်ပြုစုရှိ ရွာထဲသို့ စစ်သားများ ၀င်ရောက်၍ နေအိမ်များမှ လုယက်

RB News
25.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာသို့ 

ယနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့နယ်အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာသို့  တပ်မတော်မှ တပ်ရင်းမှူး တစ်ဦးနှင့် စစ်သား ၃၀ ကျော် ရောက်ရှိလာပြီး အသံချဲ့စက်ဖြင့် နှိုးဆော်၍ လည်းကောင်း၊ ရာအိမ်မှူးများမှ တဆင့် ကျေးရွာသူ၊ ကျေးရွာသားများကို အစည်းအဝေး ခေါ်ယူခဲ့ရာ၊ ကျေးရွာသား ၁၀၀ ကျော်က ကြောက်စိတ်ဖြင့် သွားရောက်၍ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် အမျိုးသမီးများ ပါရမည်ဟုဆိုကာ ထပ်မံခ်ါယူခဲ့ရာ အမျိုးသမီးများက စိုးရိမ်ပူပန်ပြီး တိမ်းရှောင်သွားခဲ့သည်။ တပ်ရင်းမှူးက စစ်သားများကို အမျိုးသမီးများကို ရအောင် ခေါ်ယူလာရန် အမိန့်ပေးလိုက်ရာ၊ စစ်သားများက နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ လုယက်ခြင်းများ ပြုလုပ်ပြီးနောက် သက်ကြီး အမျိုးသမီး ၅၀ ကျော်ကို ခေါ်လာခဲ့သည်။ 

အစည်းအဝေးတွင် တပ်ရင်းမှူးက သောင်းကျန်းသူများနှင့် အဆက်အသွယ် ဖြတ်ရန်၊ အဆက်အသွယ် မဖြတ်လျှင် စစ်မြေပြင်ဖြစ်သွားခဲ့ရသည်ကို သင်ခန်းစာယူရန်၊ စစ်တပ်သည် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကဲ့သို့ မဟုတ်ကြောင်း၊ စစ်တပ်ဝင်လာလျှင် ပြည်သူများ နစ်နာမှု ရှိသည်မှာ သဘာဝ ဖြစ်ကြောင်း ပြောဆို၍ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ တစ်ဦး RB News သို့ပြောသည်။ 

အစည်းအဝေး တက်ရန် သွားရောက်ခဲ့သည့် ဦးဟာလဲတ်ဟူစိန်း (ဘ) ဦးအဒူလာကိမ်း (အသက် ၇၀ နှစ်) ကို စစ်သားတစ်ဦးက ၃ ချက် ကန်ကျောက်ပြီး၊ ငွေကျပ် တစ်သောင်း လုယက်ခဲ့သည်။ အဆိုပါကိစ္စကို တပ်ရင်းမှူးက သိရှိသွားသောအခါ တပ်ရင်းမှူးက အဆိုပါ စစ်သားအား ငွေကျပ် ၃ ထောင် ထုတ်ပေးခိုင်းပြီး၊ တောင်းပန် စကားဆိုခဲ့သည်။ 

နေအိမ်များအတွင်းသို့ စစ်သားများ ၀င်ရောက်၍ လုယက်စဉ် ဦးမော်နုမျာ (ဘ) ဦးအာဖာလာတုံ ထံမှ ငွေကျပ် ၉ သိန်း၊ ဦးအာနောရ်အလီ (ဘ) ဦးအဒူလောတီ ထံမှ ငွေကျပ် နှစ်သောင်း တန်ဖိုးရှိ စောင် ၂ ထည် တို့ကို လုယက်ခဲ့သည်။ 

“အစည်းအဝေး ခေါ်တဲ့ ပုံစံနဲ့ အိမ်တွေထဲကို ၀င်လုလို့ ရအောင် အကွက် ဖန်တီး ပေးထားသလို ဖြစ်နေတယ်။ အခုလို လုယက်ပြီး ခြိမ်းခြောက်ရင် လူတွေက ကြောက်လန့်ပြီး ထွက်ပြေး သွားကြမယ်။ အဲဒီလို ဖြစ်စေချင်လို့ အခုလို လုပ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus