နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပြင်ဆိပ်မှ ဈေးဆိုင်ပိုင်ရှင် တစ်ဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထား

RB News
23.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုမှ အသက် (၆၅) နှစ် အရွယ် အပြစ်မဲ့ ဒေသခံတစ်ဦးကို စိတ်ကြွဆေးပြားများ လက်ဝယ်ရရှိသည်ဟု ဆိုကာ လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် WY စာတမ်းပါ စိတ်ကြွဆေးပြားများ သယ်ဆောင်သွားနေသူ နှစ်ဦးကို ကျောက်ပြင်ဆိပ် ကျေးရွာအုပ်ချုပ်ရေးမှူးက ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အထုတ် (၄) ထုတ်ကို ကျေးရွာအတွင်းရှိ ဦးဇာဟိတ်ဟူဆောင်း၏ ဆိုင်တွင် အပ်နှံထားခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဟာလဲစ်အာမတ် က နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးရှိ ရဲမှူး ထံသို့ ရွာသားများ အရှေ့တွင်ပင် ဖုန်းဆက်၍ အကြောင်းကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“စိတ်ကြွဆေးပြားတွေ သယ်သွားနေတဲ့ လူနှစ်ယောက်ကို .. သူတို့ နာမည်တွေတော့ မသိဘူး .. ကျောက်ပြင်ဆိပ်ကနေ သူဦးလာရွာဘက်ကို သွားနေတဲ့ လမ်းမှာ ကျောက်ပြင်ဆိပ် အုပ်ချုပ်ရေးမှူးက ဖမ်းလိုက်တယ်။ ပြီးတော့ အဲဒီလူနှစ်ယောက်နဲ့ အတူ ဦးဇာဟိတ်ဟူဆောင်းရဲ့ ဆိုင်ကိုလာပြီး၊ စိတ်ကြွဆေးပြား အထုတ် ၄ ထုတ်ကို ဆိုင်မှာ အပ်ပြီး နယ်မြေမှူးဆီ ဖုန်းဆက်တယ်။ အဲဒီ အချိန်မှာ ရွာသားတွေ ၀ိုင်းကြည့်နေတယ်။ ရွာသားတွေ ရှေ့မှာ အုပ်ချုပ်ရေးမှူးက ဖုန်းခေါ်တာ။ ဖုန်းပြောနေတဲ့ အချိန်မှာ ဖမ်းခံထားရတဲ့ လူနှစ်ယောက် ထွက်ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အုပ်ချုပ်ရေးမှူးက နယ်မြေမှူးနှင့် ဖုန်းပြောနေစဉ် ဖမ်းခံထားရသူ နှစ်ဦး ထွက်ပြေးသွားသောကြောင့် အုပ်ချုပ်ရေးမှူးက ဦးဇာဟိတ်ဟူစိန်း ထံမှ စိတ်ကြွဆေးပြား အထုတ် (၄) ထုတ်ယူ၍ ဆိုင်ကယ်ပေါ်သို့ တင်ကာ ဆိုင်ကယ်မောင်းနှင်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ထွက်သွားခဲ့သည်။ နယ်မြေရုံး၌ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ အပ်နှံခဲ့ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ထို့နောက် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဦးဇာဟိတ်ဟူဆောင်းကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ဦးဇာဟိတ်ဟူစိန်းကို စိတ်ကြွဆေးပြား ၉၅၀၀ ပြား ဖြင့် ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည် ၃ နာရီခွဲ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဒေသခံများထံမှ စုံစမ်းသိရှိချက်များ အရ စိတ်ကြွဆေးပြား အထုတ် (၄) ထုတ်၏ ပိုင်ရှင်အမှန်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦး၏ အကျိုးတူ လုပ်ကိုင်နေသူ တစ်ဦး၏ စိတ်ကြွဆေးပြားများ ဖြစ်ကြောင်း၊ အထုတ် (၄) ထုတ်တွင် စိတ်ကြွဆေးပြား (၄) သောင်း ပါကြောင်း စုံစမ်းသိရှိရသည်။

“ပိုင်ရှင်အမှန် ဘယ်သူလဲဆိုတာ နယ်မြေမှူးလည်း သိပါတယ်။ အခု စိတ်ကြွဆေးပြား ပိုင်ရှင်က G-1 အထိ ပေါက်ရောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ပိုင်ရှင် ဘယ်သူဆိုတာ သိပေမယ့် နာမည် ထုတ်မပြောရဲဘူး။ ပြောတာနဲ့ G-1 နဲ့ပေါင်းပြီး ကျွန်တော်တို့ ရွာကို ဒုက္ခပေးမယ်။ အထုတ်တွေထဲမှာ ၄ သောင်းပါတယ် ဆိုတာ အဲလို ဆေးပြားတွေ ကယ်ရီလုပ်သူတစ်ယောက်ဆီက သိရတာ၊ အခု စာရင်းပြတော့ ၃၀၅၀၀ ပျောက်နေတယ် ဆိုတော့ နယ်မြေမှူးနဲ့ ဆေးပြား ပိုင်ရှင်တို့ ပေါင်းလုပ်မှန်း သိသာတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသူမှာ အပြစ်မဲ့ တစ်ဦးဖြစ်ပြီး၊ တစ်ရွာလုံးမှလည်း အာမခံပေးနိုင်သူ အသက် ၆၅ နှစ်အရွယ် တစ်ပိုင်တစ်နိုင် ဈေးဆိုင်ရောင်းချနေသူ တစ်ဦး ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ အနေဖြင့် မြေပြင်တွင် တကယ် ဖြစ်ပျက်နေသည်များကို သေချာ စုံစမ်း၍ သတင်းတင်သင့်ပြီး၊ ယခုကဲ့သို့ နေ့စဉ် သတင်းမှားများ တင်နေပါက နိုင်ငံတကာရှေ့တွင်သာမက ပြည်သူများ၏ အယုံအကြည်ပါ ဆုံးရှုံးလာမည်ဟု မောင်တောမြို့ရှိ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူများက ပြောဆိုပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်



Comment ရေးရန်

Rohingya Exodus