နောက်ဆုံးသတင်း/ဆောင်းပါးများ

အတွင်းငှက်သေနှင့် ကျောက်ဖြူတောင်မှ ဒေသခံနှစ်ဦး ငွေညှစ်ခံရ၊ အခြားတစ်ဦး ဆိုင်ကယ် သိမ်းဆည်းခံရ

RB News
24.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးသည် ဦးလှဖေ တောင်ရွာရှိ ကင်းစခန်းမှူးနှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့က အတွင်းငှက်သေ ကျေးရွာအုပ်စု၊ သိမ်တောင်ရွာကြီးမှ ဦးအီဆုပ် (ဘ) ဦးရှာကဲရ်၏ မော်တော်ဆိုင်ကယ်ကို ဦးဆီရာဇုလ်အစ္စလာမ်က ခဏငှားစီးခဲ့ရာ မတော်တဆ လဲကျ၍ အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးကို တိုက်မိခဲ့သည်။ တိုက်မိသည့် ကလေးသည် သွေးထွက်သံယို ဒဏ်ရာ ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ကိစ္စငယ်တစ်ခုကို ၎င်းကိုယ်တိုင် ရှင်းနိုင်သော်လည်း မရှင်းဘဲ ချက်ချင်းဆိုသလို ဦးလှဖေ တောင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ခဏအကြာတွင် ကင်းစခန်းမှူးနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဦးဆီရာဇုလ်အစ္စလာမ်ကို လက်ထိပ်ခတ် ဖမ်းဆီးကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ယင်းနေ့ နေ့လည် တစ်နာရီ အချိန်တွင် ဦးဆီရာဇူလ်အစ္စလာမ်၏ မိဘများကို ဆင့်ခေါ်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဆိုင်ကယ် မောင်းနှင်ခဲ့သူ ဦးဆီရာဇူလ်အစ္စလာမ် သည် ငွေကြေး ချို့တဲ့သူ ဖြစ်ပြီး ကွမ်းယာဆိုင်တစ်ဆိုင်နှင့် မိဘကို လုပ်ကျွေးနေသူ တစ်ဦးဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ကို ပိုင်ရှင်ဖြစ်သူ ဦးအီဆုပ်ထံ ပြန်လည် မအပ်နှံဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးကို အပ်နှံလိုက်သည်။ ဦးအီဆုပ်က အကြိမ်ကြိမ် ပြန်တောင်းသောအခါ ယင်းဆိုင်ကယ်ကို ကင်းစခန်းမှူးကို အပြီးပေးလိုက်ပြီ ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

အုပ်ချုပ်ရေးမှူးသည် ယခင်ကလည်း န.စ.က များနှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်ခဲ့သူ ဖြစ်ပြီး၊ ယခုလည်း နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ မတရားသဖြင့် ငွေညှစ်နေခြင်းကို သက်ဆိုင်ရာမှ အရေးယူပေးရန်နှင့် သိမ်းဆည်း၍ ကင်းစခန်းမှူးကို ဆိုင်ကယ်ပေးလိုက်သည်မှာ မတရားမှုတစ်ခု ဖြစ်သောကြောင့် ဆိုင်ကယ်ကို ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ရေးအတွက် အထက် အာဏာပိုင်များက ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

အလားတူ ကျောက်ဖြူတောင် ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်း၏ သတင်းပေး တစ်ဦးဖြစ်သူ အာယုပ် (ဘ) ဦးအေဖာစ်ဇော်ဒိန်သည် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ယင်းရွာမှ မော်လ၀ီဇာဖော်ရ်ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ၎င်းကို တပ်မတော်တပ်ရင်းမှ သတင်းပေး အဖြစ် အသုံးပြုနေသောကြောင့် ရွာထဲတွင် ရွာသားများကို မထီမဲ့မြင်လုပ်ကာ မဟုတ်မမှန် လုပ်ကြံ၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။




Comment ရေးရန်

Rohingya Exodus