နောက်ဆုံးသတင်း/ဆောင်းပါးများ

သတိ ... ပိုတယ်မရှိ


ယျာတင် (ရိုဟင်းသား)
RB News
2.1.2017

ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ဦးကိုနီကတော့ ဘယ်သူမှ မမျှော်လင့်ဖူးတဲ့ မသမာသူတွေရဲ့ လက်ချက်ကြောင့် လုပ်ကြံ ခံလိုက်ရပါပြီ။ တိုင်းပြည်အပေါ် ထားခဲ့တဲ့ ရှေ့နေကြီးရဲ့ စိတ်ထားကြောင့် အမှန်တရားကို ချစ်ခင်မြတ်နိုးကြတဲ့ ပြည်သူတွေကလည်း ရှေ့နေကြီး လုပ်ကြံခံခဲ့ရမှုအတွက် ဖြေမဆည်နိုင်အောင် ပူဆွေးသောက ရောက်နေကြပါပြီ။

အာဏာရှင်အလိုကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေး အကျပ်အတည်း၊ အဲ့ဒီ ဖွဲ့စည်းပုံကြောင့် NLD ပါတီရဲ့အကျပ်အတည်း တွေကို ရှေ့နေကြီးက သူတတ်တဲ့ ပညာနဲ့ အမှန်တရားဖက်က မားမားမတ်မတ် ရပ်တည်ပြီး အများကြီး ကူညီပေးခဲ့ပါတယ်။ ဘယ်သူမှ မမြင်နိုင်တဲ့ ဥပဒေရှုထောင့်တွေကို အများပြည်သူနားလည်နိုင်အောင် အလွယ်ကူဆုံးနဲ့ ရှင်းပြပြောဆိုနိုင်တာမှာလည်း နှစ်ယောက်မရှိခဲ့သူပါ။ တကယ့် ဥပဒေပါရမီရှင်ကြီးမို့ တိုင်းပြည်အတွက် အစားထိုးဖို့လည်း အင်မတန် ခက်ခဲပါတယ်။ ဒီနေ့လို ကမ္ဘာ့အကျပ်တည်းဆုံးလို့ သတ်မှတ်နိုင်တဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ရှေ့နေကြီးလို ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့ခြင်းဟာ ဒီမိုကရေစီကို သွားချင်နေတဲ့ မြန်မာနိုင်ငံတော်အတွက် ဘုရားသခင်ပေးတဲ့ အထူးဆုလာဒ်လို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင်အလိုကျ ရေးဆွဲခဲ့ပေမယ့် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေထဲကပဲ ဒေါ်အောင်ဆန်းစုကြည်ကို အဆင့်မြင့်အုပ်ချုပ်ရေး ရာထူး ဖန်တီးပေးနိုင်ခဲ့တဲ့ ရှေ့နေကြီးရဲ့ တမူထူးခြားတဲ့ အရည်အချင်းဟာ ရှေ့နေကြီးရဲ့ ဥပဒေပါရမီကို သက်သေခံနေခြင်းပါပဲ။ အခုတော့ အဲ့လို ရဲရင့်ခြင်း၊ ထူးထူးခြားခြား တော်လွန်းခြင်း၊ အမှန်တရား ဘက်တော်သား ဖြစ်ခြင်း၊ အဓမ္မမှုကို အရှိုက်ထိ ထိုးနှက် အလေးထိုးနိုင်ခြင်း စတဲ့ ပါရမီရှင် ရှေ့နေကြီးကတော့ ကျနော်တို့ ပြည်သူအပေါ် လေးလွန်းတဲ့ တာဝန်တွေ တင်ပေးပြီး အရာရာကို နှုတ်ဆက်သွားခဲ့ပါပြီ။ 

ဒီလိုမျိုး ထူးကဲတဲ့ ဥပဒေပါရမီရှင် တစ်ဦး လွင့်ပါသွားခြင်း ခံရတာဟာ တိုင်းပြည်အတွက် အင်မတန် နစ်နာမှုကြီးတစ်ခုပါလို့ ပြည်သူတွေကလည်း နားလည် သဘောပေါက်ပြီး ရှေ့နေကြီးအတွက် နှမြောတသနေကြတယ်။ အသံတွေ ပေးနေကြတယ်။ ရှေ့နေကြီး လုပ်ကြံခံရမှုအတွက် တရားမျှတမှုကို တောင်းဆိုနေကြတယ်။ ရှေ့နေကြီးကို လုပ်ကြံသူတွေရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ပြီး အရေးယူစေချင်တယ်။

ယခုအခါ Social မီဒီယာပေါ်မှာဆိုရင်လည်း ရှေ့နေကြီးအကြောင်း၊ လဘက်ရည်ဆိုင်ထိုင်လည်း ရှေ့နေကြီးအကြောင်း၊ ဈေးတွေ လမ်းဆုံလမ်းခွတွေမှာလည်း ရှေ့နေကြီးအကြောင်း၊ ပြောရရင် ရှေ့နေကြီးကို မိမိတို့ရဲ့နှလုံးသားတစ်နေရာမှာ နေရာပေးနေကြတာနဲ့အညီ မိမိတို့ရဲ့ နှုတ်ဖျားတိုင်းမှာလည်း ရှေ့နေကြီးအကြောင်းပဲ နေရာယူထားချိန် ဖြစ်ပါတယ်။ ရှေ့နေကြီးရဲ့ ဈာပန အခမ်းအနားကို ကြည့်ရင် ရှေ့နေကြီးကို ချစ်တဲ့ ပြည်သူတွေ၊ ရှေ့နေကြီး လုပ်ကြံခံရမှုကို နှမြောတသနေတဲ့ ပြည်သူတွေကို တွေ့မြင်ရမှာပါ။

တဆက်တည်းမှာပဲ ရည်ရွည်ချက်ကြီးကြီးနဲ့ ရှေ့နေကြီးကို လုပ်ကြံခဲ့သူတွေကလည်း ရှေ့နေကြီးအတွက် အသံတွေ ပေးနေကြတဲ့ လူတွေရဲ့အာရုံကို ပြောင်းပစ်နိုင်ဖို့ ထပ်ဆင့်ကြိုးစားလာနိုင်တာကို ကျနော်တို့ အထူးသတိပြုရပါမယ်။ ရှေ့နေကြီးအတွက် အသံတွေ ပေးနေကြတာမှာ လူမျိုးဘာသာ မရွေးဘူး။ အားလုံးညီကြတယ်။ ညီညာခြင်းရဲ့ အလှတရားတွေကို ရှေ့နေကြီးကြောင့် ပိုပြီး မြင်တွေ့နေရပါတော့တယ်။ ဒီတော့ ဒီအချက်ကို မသမာသူတွေက ဖြိုခွင်းလာနိုင်ပါတယ်။ ကျနော်တို့ အင်မတန် သတိထားရမယ့် အချက်ပါပဲ။

စဉ်းစားကြည့်ပါ။ ရှေ့နေကြီးအတွက်ပေးနေတဲ့ အသံက ကြီးမားတယ်။ ဒီလို ဒီကြီးမားတဲ့ အသံတွေကို ဖျောက်နိုင်ဖို့ မသမာသူတွေက ဒီထက်ကြီးတဲ့ လုပ်ကြံမှုတွေ ဖန်တီးလာနိုင်ပါတယ်။ ရှေ့နေကြီးအပေါ် ထားတဲ့ အာရုံတွေ လုံးဝပြောင်းသွားအောင် ကြီးမားတဲ့ လုပ်ကြံမှုတွေနဲ့ ဆက်လက် လှုပ်ရှားလာနိုင်တယ်။

ဒီတော့ ရှေ့နေကြီးရဲ့ အဖြစ်အပျက်မှာ ညီကြတဲ့ ပြည်သူကို ခွဲနိုင်ဖို့ သူတို့မသမာသူတွေ လုပ်လာနိုင်တာက လူမျိုးရေးဘာသာရေး ပဋိပက္ခတစ်ခု ဖန်တီးပေးနိုင်တာပါပဲ။ သူတို့မသမာသူတွေမှာ အဲ့လို ပြဿနာတွေကို ဖန်တီးပေးရာမှာ အတွေ့အကြုံလည်း ရှိပြီးသားမို့ လွယ်လွယ်လေး ဖန်တီးပေးနိုင်ပါတယ်။ ရှေ့နေကြီးရဲ့ အဖြစ်အပျက်ကို လုံးဝ အာရုံလွှဲသွားအောင်၊ ပြည်သူကြားမှာ လုံးဝကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားအောင် အင်မတန် ကြီးမားတဲ့ အကွက်တွေနဲ့ လှုပ်ရှားလာနိုင်ပါတယ်။

မြန်မာပြည်သူ အများဆုံး ဝမ်းနည်း ပူဆွေးသောကရောက်နေကြချိန်မှာပဲ တစ်ချို့ မသမာသူတွေကတော့ ရှေ့နေကြီး လုပ်ကြံခံခဲ့ရမှုကို အားရဝမ်းသာတဲ့ပုံစံနဲ့ Social မီဒီယာတွေမှာ အောင်ပွဲခံနေသလို ဝါဒဖြန့်ရေးသား နေကြတာ တွေ့မြင်နေရပါပြီ။ ဒါက သပ်သပ်ကို မီးမွှေးချင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ ပြည်သူတွေ အထူးသတိပြုရမယ့် အချိန်အခါ ရောက်နှင့်နေပါပြီ။

အထူးသဖြင့် ကျနော်တို့ မွတ်စလင် ညီအစ်ကို မောင်နှမများအနေဖြင့် ယခုအချိန်မှာ မိမိတို့ရဲ့ အသွားအလာ၊ အပြောအဆို၊ အလုပ်အကိုင်တွေကို သတိရှိရှိနဲ့ ဆောင်ရွက်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ မသမာသူတွေက မိမိကို မခံနိုင်အောင် ဆွပေးပြီး ပြဿနာဖြစ်လာအောင် လမ်းခင်းပေးလာနိုင်ပါတာမို့ ကျနော်တို့တတွေ အသိတရားနဲ့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ပြဿနာမီး အမျိုးမျိုးကို နည်းလမ်းအသွယ်သွယ်နဲ့ မွေးပေးလာနိုင်ပါတယ်။ ကျနော်တို့ သတိရှိရှိ လက်ရှောင်ဖို့ အရေးကြီးပါတယ်။ တိုင်းပြည်ကို ချောက်ထဲရောက်စေချင်နေတဲ့ မသမာသူတွေရဲ့ ထောင်ချောက်ထဲမှာ မိမိပါမသွားအောင် အလေးထားပြီး နေရမယ့် အချိန်အခါ ရောက်နှင့်နေပြီမို့ ကျနော်တို့ တိုင်းသူပြည်သားကောင်း အနေနဲ့ အထူး သတိ ဝီရိယနဲ့ နေကြပါ။ သတိဟူသည် ပိုသည်မရှိ ဆိုတဲ့ စကားအတိုင်းပေါ့လေ။
ရှေ့နေကြီးရဲ့ သမီးပြောခဲ့သလို ရှေ့နေကြီးဟာ ဒီအလုပ်တွေကို တိုင်းပြည်အတွက် လုပ်ဖို့လိုလို့ လုပ်သွားခဲ့တာ၊ သေဖို့ရှိလို့ သေသွားခဲ့တာပဲလေ။ ဒီတော့ ရှေ့နေကြီး ဦးကိုနီ မရှိတော့ပေမယ့် သူချမှတ်ပေးခဲ့တဲ့ လမ်းစဉ်တွေ၊ သူပြပေးခဲ့တဲ့ ထိုးဖောက်နည်းတွေနဲ့ပဲ ကျနော်တို့ ပြည်သူတွေက မသမာသူတွေကို တရားဥပဒေအတိုင်း အလှဲထိုး အနိုင်တိုက်ကြရမှာပါ။ ရှေ့နေကြီးကို ချစ်ခင်မြတ်နိုးတဲ့ ကျနော်တို့ပြည်သူတွေရဲ့ တာဝန်ပါပဲ။ တာဝန်သိ ပြည်သူဆိုတာ ဘယ်လိုမျိုးလဲ။ ရှေ့နေကြီး ဦးကိုနီကို ကယ်ဖို့ကြိုးစားရင်း အသက်ပေးဆပ်သွားခဲ့ရတဲ့ ကိုနေဝင်းဟာ ကျနော်ပြည်သူတွေအတွက် အကောင်းဆုံး ဥပမာပဲမဟုတ်လား။
ဒီတော့ အဓမ္မတရားကို အနိုင်တိုက်ရမှာ သည်းခံမှုတရားနဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်သည်သာ အထိရောက်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းပဲ ဆိုတာကိုတော့ ကျနော်တို့ တိုင်းသူပြည်သားတွေ အထူးသတိချပ်ဖို့ လိုအပ်ကြောင်းပါ။

Comment ရေးရန်

Rohingya Exodus