ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ခရီးစရိတ်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ခံများထံမှ ငွေညှစ်
MYARF
RB News
25.4.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ရပ်ရွာအုပ်ချုပ်ရေးမှူး တာဝန်ခံများထံမှ ခရီးစရိတ်ဟုဆိုကာ ငွေညှစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၅) စုရှိပြီး၊ ရိုဟင်ဂျာမွတ်စလင်များ သီးသန့်နေထိုင်သော ရပ်ကွက် (၁) ခု၊ ကျေးရွာအုပ်စု (၁၉) ခု၊ ရခိုင်ဗုဒ္ဓဘာသာဝင်များ သီးသန့်နေထိုင်သော ကျေးရွာအုပ်စု (၁၉) ခု၊ ရိုဟင်ဂျာနှင့် ရခိုင်များ ရောနှောနေထိုင်သော ရပ်ကွက် (၆) ခုနှင့် ကျေးရွာအုပ်စု (၄၀) စု ရှိသည်။ အဆိုပါ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ရှိသော ရိုဟင်ဂျာလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ခံများထံမှ မြို့နယ်အုပ်ချုပ်ရေးမှူးက ခရီးစရိတ်ဟု ဆိုကာ အတင်းအဓမ္မ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရိုဟင်ဂျာမွတ်စလင်များ သီးသန့်နေထိုင်သော ရပ်ကွက်၊ ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦး ရှိသော်လည်း၊ ရိုဟင်ဂျာနှင့် ရခိုင်ရောနှောနေထိုင်သော ရပ်ကွက်၊ ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးသည် ရခိုင်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး၊ တာဝန်ခံမှာ ရိုဟင်ဂျာမွတ်စလင်ဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း (ပ/၆၉၃၀) က ဧပြီလ (၂၅) ရက်နေ့တွင် ရိုဟင်ဂျာလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ခံများကို ၎င်း၏ရုံးသို့ ဆင့်ခေါ်၍ စစ်တွေသို့ ခရီးထွက်ရန် ရှိသည်ဟု ဆိုကာ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းထိ နှစ်ရက်အတွင်း ပေးရမည်ဟု အတင်းအဓမ္မ တောင်းခံသည့်အပြင် ငွေပေးရန် ငြင်းဆန်သူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
အစိုးရ၀န်ထမ်းတစ်ဦးက ရုံးစရိတ်ဖြင့် ခရီးသွားရမည် ဖြစ်သော်လည်း ရရှိထားသည့် အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစား ပြုလုပ်၍ ဥပဒေချိုးဖောက်၍ ငွေညှစ်နေခြင်းကို သက်ဆိုင်ရာ ၀န်ကြီးဌာနမှ အရေးယူပေးရန် လိုလားကြောင်း ဒေသခံများက ပြောပါသည်။