ကျောက်ပန္ဒူမှ နယ်ခြားစောင့်ရဲများက ဒေသခံရွာသား (၃) ဦးကို လူမဆန်စွာ ရိုက်နှက်
Rohingya Eye
RB News
20.5.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ န.တ.လ ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဒေသခံရွာသား (၃) ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မေလ (၁၇) ရက်နေ့တွင် မြင်းလွတ်မြို့နယ်ခွဲ၊ ဟော်ရော်သိလ္လာရွာမှ ဦးဇာဖော်ရ် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်)၊ ဦးဟာမိတ် (ဘ) ဦးအလီအာမောတ် (အသက် ၃၀ နှစ်) နှင့် ဦးဟာရှင်မ် (ဘ) ဦးနာဂူ (အသက် ၂၅ နှစ်)တို့သည် ကျောက်ပန္ဒူကျေးရွာအုပ်စုသို့ ရွာထွက်လက်မှတ်ဖြင့် အလည်အပတ် သွားရောက်၍ ယင်းရွာမှ ပြန်လာနေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရွာထွက်လက်မှတ် စစ်ဆေးပြီး ရွာထွက်လက်မှတ်တွင် ဓါတ်ပုံမပါဟု ဆိုကာ အကြောင်းပြပြီး ၎င်းတို့ (၃) ဦးကို သစ်သားတုတ်ဖြင့် လူမဆန်စွာ ရိုက်နှက်၍ ညနေ ၅ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
၎င်းတို့ ၃ ဦးစလုံးသည် သစ်သားတုတ်ဖြင့် ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းနှင့် ရင်ဘတ်ပေါ်တွင် ယောင်ယမ်းလျက် ရှိကြောင်း သိရှိရသည်။
“အဲဒီကင်းစခန်းက မကြာခဏ အနှောက်အယှက်ရှိတယ်။ ဥပဒေနဲ့ ငြိစွန်းဆိုရင်လည်း ဥပဒေ အတိုင်း လုပ်လို့ရတယ်။ အခုက ရွာသားတွေကို အနိုင်ကျင့် ဗိုလ်ကျနေတာ ဖြစ်တဲ့အတွက် အထက်အရာရှိတွေ အနေနဲ့ အရေးယူပေးဖို့ လိုတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။