အသံထုတ်မှုတွေ တရားပါစေ... ညီမျှပါစေ...မျှတပါစေ
ယျာတင် (ရိုဟင်းသား)
RB News
11.10.2017
အကြမ်းဖက်ဂုဏ်ထူးရခဲ့တဲ့ ဝီရသူအဖွဲ့ကို အစိုးရလုံခြုံရေးအစီအမံနဲ့ ရခိုင်ပြည်နယ်ကို ခဏခဏ ပို့နေတာတွေအတွက် လက်ရှိအစိုးရမှာ တာဝန်ရှိပါတယ်။ ဒီအကြမ်းဖက်ဘုန်းကြီးဟာ ပြဿနာကို တကယ်မီးမွေးနေတာ သိရက်သားနဲ့ အစိုးရက ဒီအတိုင်းလွှတ်ထားတာ တကယ် မေးခွန်းထုတ်ဖို့ ကောင်းပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ပြဿနာ မဖြစ်ခင် ရက်သတ္တပတ်အနည်းငယ် အလိုမှာ ဒီအကြမ်းဖက်ဘုန်းကြီး ရခိုင်ပြည်နယ်ကို လာသွားခဲ့တယ်။ ဒီအကြမ်းဖက်ဘုန်းကြီးဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ကို မွတ်စလင် ကင်းစင်နယ်မြေ ဖြစ်စေရမယ်လို့ ကြုံးဝါးထားတာလည်း ရှိတယ်။ ရိုဟင်ဂျာတွေကို တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းထားတာလည်း ရှိတယ်။ နောက်လည်း အဆိုးဆုံး စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာတွေရှိတယ်။ ဒါတွေကို အစိုးရက ဥပဒေဘောင်ထဲက ယခုထိ ဖြေရှင်းပေးတာ မရှိသေးဘူး။ ဒီကိစ္စအတွက် ကျနော်တို့ တရားအတိုင်း အသံထုတ်ဖို့လိုတယ်။
ARSA၊ AA ဒါမှမဟုတ် အခြားတိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လုပ်ရပ်တွေကို အကြမ်းဖက်တယ်လို့ ပြောသလိုမျိုး ဒီဘုန်းကြီးအဖွဲ့ရဲ့ လုပ်ရပ်တွေကိုလည်း အကြမ်းဖက်မှု သက်ရောက်တယ်လို့ အစိုးရက ပြည်သူကို တရားဝင်ချပြဖို့လိုတယ်။ သတင်းစာတွေမှာ အတိအလင်းထည့် ကြေညာဖို့လိုတယ်။ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ မဟုတ်ရင် မြန်မာပြည်ရဲ့ ဥပဒေက အကြမ်းဖက်ရင်ဖက်ပါစေ ဘုန်းကြီးဖြစ်ရင် အကာအကွယ်ပေးတဲ့ အသွင်ရောက်နေမယ်။ ဒီဘုန်းကြီးရဲ့ အမုန်းတရား ထွင်ထွင်ဟောခွင့်ရနေခြင်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးမှုအရေးမှာ အင်မတန် ပိတ်ဆို့ဟန့်ထားမှုဖြစ်နေတာ အသိဉာဏ်ရှိသူတိုင်း သိရှိနေသလို လက်တွေ့ရင်ဆိုင်နေရပြီးလည်း ဖြစ်တယ်။ ဒီ့အတွက်လည်း ကျနော်တို့ မျှမျှတတ အသံထုတ်ဖို့လိုပါတယ်။
အပြစ်မဲ့တဲ့လူတွေကို သတ်ဖြတ်တာ၊ ဒါမှမဟုတ် သတ်ရန် အားပေးလှုံ့ဆော်တာ၊ အမုန်းတရားဖြန့်တာ စတဲ့ ဥပဒေပ လုပ်ရပ်ဆိုးတွေ ကျူးလွန်သူ ဘယ်သူမဆို အကြမ်းဖက်သမားပါပဲ။ အဖွဲ့ဖြစ်ရင် အကြမ်းဖက်အဖွဲ့အစည်းပါပဲ။ ဘုန်းကြီးမို့လို့ အကြမ်းဖက်သမား၊ အကြမ်းဖက်အဖွဲ့အစည်း မပြောရဘူးလို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးဆိုတာလည်း လူရယ်စရာ ပြက်လုံးလောက်ပဲ ဖြစ်လိမ့်မယ်။ ဒီ့အတွက် ကျနော်တို့ ညီတူညီမျှ အသံထုတ်ဖို့လိုပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အသံထုတ်နေသူတွေကလည်း မျှမျှတတ အသံထုတ်ဖို့လိုပါတယ်။ ARSA ရဲ့လုပ်ရပ်တွေဟာ ဥပဒေအရ၊ Logic အရ၊ ကမ္ဘာ့ပညာရှင်များရဲ့ သတ်မှတ်ချက်အရ အကြမ်းဖက်မှုရောက်ခဲ့ရင် သူတို့ကိုလည်း ဝေဖန်ထောက်ပြရမယ်။ ရှုတ်ချရမယ်။ ကျနော်ကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချပါမယ်။ ရိုဟင်ဂျာမို့လို့ အကြမ်းဖက်လုပ်ရပ် လုပ်နေသူတွေကို အကာအကွယ်ပေးပြောဆိုဖို့ မရှိပါဘူး။ (ARSA ဖြစ်ပေါ်လာခြင်းရဲ့ ဆက်စပ်အကြောင်းတရားတွေအကြောင်းကို လက်တွေ့လေ့လာချက်အရရော၊ logic အရရောက် နောက်မှ ရေးပြမယ်)
တစ်ဆက်တည်းမှာပဲ မြန်မာအစိုးရက လူနည်းစု ရိုဟင်ဂျာတွေကို နှစ်ပေါင်းများစွာကတည်းက စီမံကိန်းကျကျ ဖိနှိပ်ရက်စက်ညှဉ်းပန်းလာတယ်။ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးတွေကို အပထား၊ အခြေခံလူ့အခွင့်တွေကိုတောင် ပိတ်ဆို့ထားတယ်။ ဒီအပြင် လူ ၆-သိန်းကျော်ကို ဒုက္ခသည်ဘဝ တွန်းပို့ခဲ့တာတွေ၊ အပြစ်မဲ့ ကလေးသူငယ်တွေ၊ အားနွဲ့တဲ့အမျိုးသမီးတွေ၊ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ များစွာကို သတ်ဖြတ်တာတွေ၊ သူတို့အိမ်တွေကို မီးရှို့တာတွေ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်တာတွေ၊ လူထောင်ပေါင်းများစွာကို Black list အဖြစ် ကြေငြာခဲ့တာတွေ စတဲ့ လူမဆန်တဲ့ မတရားမှုတွေအတွက်လည်း ဥပဒေဘောင်အတွင်းက ကျနော်တို့ ထောက်ပြဖို့လိုတယ်။ ရှုတ်ချဖို့လိုတယ်။ ဒီ့အတွက်လည်း ကျနော်တို့ မျှတညီမျှစွာ အသံထုတ်ပေးဖို့ လိုပါတယ်။
ထောက်ခံသင့်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ထောက်ခံရမယ်လို့ ခံယူရင် ရှုတ်ချသင့်တဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း ရှုတ်ချရမယ်။ ဒါကို မျှတမှုလို့ခေါ်တယ်။ တရားမျှတမှုကို ရင်မှာ ပိုက်ပြီး မျှတတဲ့ အသံထုတ်မှုတွေ ကျနော်တို့ ရဲရဲဝံ့ဝံ့ထုတ်ဖို့လိုတယ်။
ခင်ဗျားတို့ရဲ့ အသံထုတ်မှု၊ ထောက်ပြမှုတွေဟာ ညီမျှပါစေ။ မျှတပါစေ။ အကြောက်တရားထဲ ပိတ်မိပြီး အားကြီးသူအလိုကျ (အကြမ်းဖက်မှုရောက်ရောက်) အသံထုတ်နေတာထက် အသံတိတ်ပြီးနေတာ ပိုသာမြတ်ပါတယ်။
ရိုဟင်ဂျာဆိုတာလည်း လူသားပါပဲ။ ကမ္ဘာ့အဆိုးဆုံး ဖိနှိပ်ရက်စက်ညှဉ်ပန်းမှုဒဏ်ကို နှစ်ရှည်လပေါင်းများစွာ ဖိစီးခံစားနေရသူတွေပါ။ ဒီလူတွေကို တစ်ဖက်သတ် လက်ညိုးထိုးပြီး အပြစ်တင် အသံထုတ်နေတာတွေကို victim blaming လို့ခေါ်တယ်။ Victim blaming တွေလုပ်နေသူမှာ တကယ်တော့ တရားမျှတမှု မရှိလို့ပါပဲ။ ရိုဟင်ဂျာတွေ လက်ရှိခံစားနေရတဲ့ဘဝနဲ့ တစ်ရက်လောက်သာ နေကြည့်ရင် Victim blaming လုပ်နေတာတွေကို ငါတို့ ဒီတစ်သက် လုပ်ခဲ့မှာ မဟုတ်ပါဘူးဆိုတာ ကျနော် ရဲရဲကြီးအာမခံပါတယ်။
သင်တို့ ငါတို့ရဲ့ အသံထုတ်မှုတွေ တရားပါစေ။ ညီမျှပါစေ။ မျှတပါစေ။