NVC လက်မခံလျှင် ရွာလုံးကျွတ် မီးရှို့ပစ်မည်ဟု မောင်တော NVC ထုတ်ပေးရေအဖွဲ့က ရိုဟင်ဂျာများကို ခြိမ်းခြောက်
MYARF
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာသို့ လာရောက်သော မြို့နယ် လ.ဝ.က အဖွဲ့နှင့် နယ်ခြားစောင့်ရဲအဖွဲ့က NVC လက်မခံလျှင် ရွာလုံးကျွတ် မီးရှို့ပစ်မည်ဟု ဒေသခံရိုဟင်ဂျာကျေးရွာသားများကို ခြိမ်းခြောက်၍ ဒေသခံအချို့ကို NVC အတင်းအဓမ္မ ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ် လ.ဝ.က အဖွဲ့နှင့် နယ်ခြားစောင့်ရဲများအဖွဲ့သည် အောက်တိုဘာလ (၁၃) ရက်နေ့က စပြီး မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စုသို့ သုံးရက်ဆက်တိုက် ရောက်ရှိလာခဲ့သည်။ ပထမနေ့နှင့် ဒုတိယနေ့တွင်အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့သည် ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံရွာသားများကို NVC လက်ခံရန် အမျိုးမျိုး ဖြားယောင်း၍ စည်းရုံးခဲ့သော်လည်း ရွာသားများက NVC သည် ၎င်းတို့ကိုင်ဆောင်ရမည့် ကဒ်ပြားတစ်ခုမဟုတ်ကြောင်း၊ ၎င်းတို့သည် အမျိုးသားမှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်သူများ သို့မဟုတ် ၎င်းတို့၏ သားသမီး မြေးမြစ်များ ဖြစ်သောကြောင့် တည်ဆဲဥပဒေအရပင်လျှင် NVC ကို ၎င်းတို့ကိုင်ဆောင်စရာ မလိုအပ်ကြောင်း အကျိုးအကြောင်းပြောပြပြီး NVC ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။
သို့သော် အဆိုပါ မြို့နယ် လ.ဝ.က အဖွဲ့နှင့် နယ်ခြားစောင့်ရဲအဖွဲ့တို့သည် ယနေ့ အောက်တိုဘာလ (၁၅) ရက်နေ့ရက်တွင် ရွှေဇားကျေးရွာ၊ မြောက်အုပ်စု၊ ကပ္ပကောင်းရွာသို့ လာရောက်၍ ရွာသားများကို NVC လက်ခံရယူရန် ခြိမ်းခြောက် ဖိအားပေးခဲ့သည်။ အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့၏ ရွာသားများအပေါ် ခြိမ်းခြောက်ပုံကို ဒေသခံတစ်ဦးက --
“အဲ့ဒီ NVC ထုတ်ပေးမယ့်အဖွဲ့က ကျွန်တော်တို့ရွာကို လာတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ အရင်နှစ်ရက်မှာ အမျိုးမျိုးဖြားယောင်းပြီး NVC လက်ခံဖို့ စည်းရုံးခဲ့တယ်။ လူတွေကလည်း တည်ဆဲဥပဒေဘောင်အတွင်းက ပြန်ချေပမေးခွန်းထုတ်လာတော့ ဒီနေ့က အရမ်းကိုခြိမ်းခြောက်ခဲ့တယ်။ သူတို့ထုတ်ပေးတဲ့ NVC လက်မခံရင် တခြားရွာတွေကို မီးတင်ရှို့သလို မီးရှို့ပစ်ပြီး ခွေးပြေးဝက်ပြေး ပြေးရအောင် လုပ်ပစ်မယ်လို့ ပက်ပက်စက်စက်ကို ခြိမ်းခြောက်ခဲ့တယ်” ဟု RB News သို့ပြောသည်။
နောက်ဆုံးတွင် အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့သည် ဦးကော်ဘိရ်အမတ်အိမ်သို့ အတင်းအဓမ္မဝင်ရောက်ပြီး ဦးကော်ဘိရ်အမတ်ကို NVC အတင်းထုတ်ပေးခဲ့သည်။ ထို့အပြင် G.E အလုပ်လုပ်ပြီး ပြန်လာသော အလုပ်သမားအချို့ကိုလည်း လမ်းမှ ဖမ်းဆီး၍ NVC အတင်းအဓမ္မထုတ်ပေး၍ လွှတ်ပေးခဲ့သည်။ အတင်းအဓမ္မထုတ်ပေးသည့် NVC ကိုလက်ခံရသော ဒေသခံအချို့တို့မှာ -
၁။ အာလောမ် (ဘ) ဦးဇော်ဟိရ်အမတ်
၂။ အဗ်ဒူမော်တော်လောပ် (ဘ) ဦးအဗ်ဒူရှုက္ကူရ်
၃။ ဖိုက်ဆဲလ် (ဘ) ဦးဟားဆောန့်
၎။ အာယုပ်ခါန် (ဘ) ဦးဟာလာမျာ
၅။ ဇူဘိုက်ရ် (ဘ) ဦးဘော်ဒီအာလောမ်
၆။ မာမတ်ဟားယာတ် (ဘ) ဦးအာဘုလ်ဖော်ယာစ်
၇။ ဟားဘဲစ်အမတ် (ဘ) ဦးရှားမ္မျာ တို့ဖြစ်ကြသည်။
မောင်တောမြို့နယ်တွင် ရိုဟင်ဂျာကျေးရွာ တစ်ရာကျော်ရှိခဲ့ရာ ၉၀% ကျော်သောကျေးရွာများကို အစိုးရလက်နက်ကိုင်အဖွဲ့နှင့် အစွန်းရောက်ရခိုင်များက ပူးပေါင်း၍ မီးရှို့ခဲ့သည်။ ရွှေဇားကျေးရွာသည် မီးမရှို့ရသေးဘဲ ကျန်ရှိနေသောရွာ ရွာအနည်းငယ်ထဲတွင် တစ်ရွာလည်း ဖြစ်သည်။ ရွှေဇားကျေးရွာအုပ်စု ဂေါင်ညာရွာတွင်လည်း အိမ်ခြေ ၅၀ နီးပါးကို လွန်ခဲ့သည့်လတွင် မီးရှို့ခဲ့သေးသည်။ သို့သော် ရွာငယ် ၁၄ ခုရှိသော ရွှေဇားကျေးရွာသည် မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် အကြီးဆုံးကျေးရွာ ဖြစ်သလို မြန်မာအာဏာပိုင်များက စီးပွားရေးဇုံအဖြစ် လျာထားသော နေရာတစ်ခုလည်း ဖြစ်သည်။
RB News
15.10.2017

မောင်တောခရိုင်၏ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးမျိုးမြင့်ကို NVC အဖွဲ့၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ RB News မှ ဆက်သွယ်မေးမြန်းခဲ့ရာက ၎င်းက -
“သူတို့ အဓိက ရွှေဇားကို ပစ်မှတ်ထားတာ အကြောင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ရွှေဇားရွာမှာ NVC ထုတ်ပေးလို့ အောင်မြင်ရင် ဒီမှာ ကျန်ရှိနေတဲ့ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို နိုင်လိုက်တဲ့သဘောဖြစ်သွားမယ်။ ဒုတိယ တစ်ခုက ဒီရွာကို မြန်မာအစိုးရက လိုချင်နေပုံရတယ်။ ဘာလို့ဆိုတော့ သူတို့က အဲ့ဒီရွာမှာ စီးပွားရေးဇုံတည်ထောင်မယ်ဆိုပြီး ဆိပ်ကမ်းတွေဘာတွေတောင် ဆောက်နေတယ်။ NVC ကိုလက်မခံရကောင်းလား၊ ဒီကောင်တွေ ဥပဒေလိုက်မနာဘူး ဘာညာအကြောင်းရှာပြီး မီးရှို့ချင်နေပုံရတယ်။
လူတွေကတော့ ဒီကဒ်က အာရ်ကာန်ရဲ့ဌာနေဖြစ်တဲ့ ငါတို့ရိုဟင်ဂျာနဲ့ ဘယ်လိုမှမပတ်သက်ဘူး ဆိုပြီး ခံယူထားတော့ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် လက်ခံမှာ မဟုတ်ဘူး။ ငါတို့ရဲ့ အရာရာကို သူတို့ ဖျက်ဆီးပစ်ပြီပဲ။ အခုက သေမထူး နေမထူးနဲ့ ဘဝမျိုးမှာ ဒီလို ပေါက်ကရတွေ လာလုပ်နေတာ လူတွေကို တမင် ဒုက္ခပေးနေတယ်လို့ ထင်တယ်။ အဓိကက လူတွေ တစ်ယောက်မကျန် အကုန်ထွက်ပြေးသွားအောင် လုပ်နေတာပါပဲ” ဟု ဖြေဆိုသည်။

ဒီမိုကရေစီ အစိုးရအနေဖြင့် ပြည်သူများ လက်မခံချင်သည့် NVC ကို ပြည်သူအား ခြိမ်းခြောက် အနိုင်ကျင့်၍ အတင်းထုတ်ပေးနေခြင်းသည် ပြဿနာကို ဖြေရှင်းနေသည်ဟု ဆိုလိုရာ မရောက်ဘဲ ကြီးနိုင်ငယ်ညှင်း ဖိနှိပ်နေသည့် မင်းဆိုးမင်းညစ်များ၏ လုပ်ရပ်ဆိုးသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် ဒေသခံရိုဟင်ဂျာများထဲမှ လူကြီးများနှင့် ပွင်းလင်းမြင်သာစွာ သေချာ ဆွေးနွေးပြီးမှ နိုင်ငံသားစီစစ်ရေး လုပ်ငန်းများကို လုပ်သင့်ကြောင်း ဦးမျိုးမြင့်က ဖြည့်စွက်ပြောပါသည်။
ရိုဟင်ဂျာပြည်သူများ အနေဖြင့်လည်း ရိုဟင်ဂျာများနှင့် မည်သို့မျှ မအပ်စပ်သော NVC ကို ဥပဒေဘောင်အတွင်းက ထောက်ပြ၍ လက်မခံကြရန် မောင်တောခရိုင်၏ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးမျိုးမြင့်က နှိုးဆော်သည်ဟု ဆိုသည်။