ကုန်တင်ကုန်ချ အလုပ်သမား (၄) ဦးကို ထိုးကြိတ်ရိုက်နှက်၍ အတင်းအဓမ္မ NVC ထုတ်ပေး
Rohingya Eye
RB News
30.10.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ကုန်တင်ကုန်ချ အလုပ်သမားများကို လ.၀.က ၀န်ထမ်းတစ်ဦးက ကုန်တင်ကုန်ချရန်ဟု ခေါ်ဆောင်သွားပြီး ၀ိုင်းဝန်း ရိုက်နှက် ထိုးကြိတ်ကာ အတင်းအဓမ္မ NVC ကဒ်ပြား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အောက်တိုဘာလ (၂၈) ရက်နေ့တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ရွာသား (၄) ဦးသည် အမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်း၌ ဦးသိန်းအောင်၏ ကုမ္ပဏီတွင် ကုန်တင်ကုန်ချ ပြုလုပ်ရန် ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ပစ္စည်းများကို စက်လှေပေါ်သို့ တင်နေစဉ် နေ့လည် ၂ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် လ.၀.က ရုံးမှ ၀န်ထမ်းတစ်ဦး ရောက်ရှိလာပြီး၊ ရွှေဇားကျေးရွာအုပ်စု၊ ဂူနားရွာ မူလတန်းကျောင်းတွင် ကယ်ဆယ်ရေး ပစ္စည်းများ ချရန်ဟု ပြောဆို၍ ၎င်းတို့ (၄) ဦးကို ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့သည် မူလတန်းကျောင်းတွင် ပစ္စည်းများချအပြီး ၎င်းတို့အား ကျောင်းထဲသို့ ခေါ်ဆောင်သွားကာ NVC ကဒ်များ အတင်းအဓမ္မ ပေးအပ်ရန် စီစဉ်နေသည်ကို တွေ့သည့်အခါ NVC ကဒ်လက်မခံနိုင်ဟု ငြင်းဆန်ခဲ့သည်။
ထို့နောက် ၎င်းတို့အား မြို့နယ် လ.၀.က ဦးစီးမှူး ဦးအောင်ကျော်စိန် ဦးဆောင်သည့် လ.၀.က ၀န်ထမ်းများက လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းများ ပြုလုပ်၍ ညှဉ်းပန်းနှိပ်စက်သော်လည်း ၎င်းတို့က NVC ကဒ်လက်မခံဘဲ ထွက်ပြေးရန် ကြိုးစားနေစဉ် ကျောင်းအပြင်ဘက်တွင် လုံခြုံရေး တာဝန်ယူထားသည့် နယ်ခြားစောင့်ရဲများက ၎င်းတို့အား ၀ိုင်းဝန်း ထိုးကြိတ်ရိုက်နှက်၍ အတင်းအဓမ္မ NVC ကဒ် ထုတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ထိုးကြိတ် ရိုက်နှက်ခံရပြီး NVC ကဒ် အတင်းအဓမ္မ ပေးခံရသူများမှာ --
(၁) ဦးအဘူဆီဒိတ် (ဘ) ဦးအဒူရှုကူရ် - စေတီပြင်၊ ရွှေဇားကျေးရွာအုပ်စု
(၂) ဦးရှော်ဘီအာလောမ် (ဘ) ဦးအဒူမာလဲခ် - ဂူနားရွာ၊ ရွှေဇားကျေးရွာအုပ်စု
(၃) ဦးအီဆုဖ် (ဘ) ဦးဖော်ဇော်လ်အာမတ် - ဂူနားရွာ၊ ရွှေဇားကျေးရွာအုပ်စု
(၄) အမည်မသိ -- တို့ဖြစ်ကြသည်။
ယင်းနေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါကျောင်းသို့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် UEHRD အဖွဲ့ ရောက်ရှိလာပြီး NVC ကဒ် ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးခြင်း၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အတင်းအဓမ္မ NVC ကဒ် ထုတ်ပေးပြီးနောက် အစိုးရ သတင်းဌာနများတွင် လိုလိုလားလား လာရောက်ထုတ်သယောင် ၀ါဒဖြန့်ထားသည့် ဓါတ်ပုံ |